
စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်ဟာ ဩဂုတ် ၁၇ ရက်က ရုရှားနိုင်ငံကို သွားရောက်ခဲ့ပြီး ဒီခရီးစဉ်ကနေ စီးပွားရေးနဲ့ သံတမန်ရေး ထွက်ပေါက်တွေ ရှာဖွေနိုင်ဖို့ မျှော်လင့်ထားပေမဲ့ လက်တွေ့မှာ ဘယ်လောက်အထိ ဖြစ်လာနိုင်မလဲ။
မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်အတွင်း ထားဝယ် အထူးစီးပွားရေးဇုန် ရင်းနှီးမြှုပ်နှံမှု၊ အသေးစား နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးနဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းတွေ အပါအဝင် စီးပွားရေးဖိုရမ် တက်ရောက်မှုတွေကို အကျယ်တဝင့် ထုတ်ဖော်ပြသခဲ့ပါတယ်။
ဒါပေမဲ့ ရုရှားနိုင်ငံဟာ ယူကရိန်းစစ်ပွဲကြောင့် စီးပွားရေး ပိတ်ဆို့မှုတွေနဲ့ ရင်ဆိုင်နေရသလို စက်မှုကုန်ထုတ်လုပ်မှု စွမ်းရည်တွေလည်း ကျဆင်းနေတာကြောင့် ဒီစီမံကိန်းတွေဟာ စာရွက်ပေါ်မှာသာ ရှိနေဦးမယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။
နိုင်ငံတကာပဋိပက္ခလေ့လာစောင့်ကြည့်အဖွဲ့ (ICG)ရဲ့ အာရှဆိုင်ရာ အကြီးတန်း အကြံပေး ရစ်ချတ်ဟော်ဆေးက “ရုရှားနဲ့ မြန်မာကြားက ဒီလိုသဘောတူညီချက်တွေကို ကြည့်လိုက်ရင် အများစုက အပြသက်သက်သာ ဖြစ်ပါတယ်။ ဆက်ဆံရေးကို ပြန်လည်အတည်ပြုဖို့နဲ့ တဖက်က အရေးစိုက်တဲ့ ကိစ္စတွေကို ထုတ်ဖော်ပြောဆိုဖို့လောက်ပဲ ဖြစ်ပြီး အမှန်တကယ် အကောင်အထည်ဖော်ဖို့ မဟုတ်ပါဘူး။ ရုရှားမှာ အဲဒီဆက်ဆံရေးမှာ ရင်းနှီးမြှုပ်နှံဖို့ ဘဏ္ဍာငွေရော၊ အချိန်ရော မရှိပါဘူး” လို့ DVB ကို ပြောပါတယ်။
အထူးသဖြင့် ထားဝယ် အထူးစီးပွားရေးဇုန်လို ဒေါ်လာဘီလီယံချီ ကုန်ကျမဲ့ စီမံကိန်းကြီးတွေဟာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ဒေသတွင်း လုံခြုံရေး အခြေအနေတွေအပြင် ရုရှားရဲ့ လက်ရှိ ဘဏ္ဍာရေးအင်အားအရ လက်တွေ့ဖြစ်လာဖို့ မရေရာသလို အသေးစား နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးလို နည်းပညာ အထောက်အပံ့တွေဟာလည်း စစ်ပွဲကာလ ရုရှားအတွက် ချက်ချင်း ဖြည့်ဆည်းပေးနိုင်စွမ်း မရှိဘူးလို့ စင်ကာပူအခြေစိုက် နိုင်ငံရေးသုတေသီတယောက်က ထောက်ပြပါတယ်။
“အဓိကတော့ ဒီ ရုရှားနဲ့ပတ်သက်တဲ့ စီးပွား၊ ထားဝယ် စီးပွားရေးဇုန် ကိစ္စရော၊ အဏုမြူ ဓာတ်အားပေးစက်ရုံ ကိစ္စရော အားလုံးရဲ့ အဓိက ဟို အဖြေကတော့ ရုရှားနိုင်ငံရဲ့ စီးပွားရေးသည် ဒီလောက်ထိ မကောင်းတော့ဘူး။ ရုရှားရဲ့ ကုန်ထုတ်လုပ်ရေး ထုတ်လုပ်နိုင်တဲ့ စွမ်းရည်ကလည်း ပိုပြီးတော့ ကျဆင်းလာတယ်။ ရုရှား ကိုယ်တိုင်ကိုက တရုတ်နိုင်ငံရဲ့ ဒီ သွင်းကုန်တွေကို ပိုပြီးတော့ အားကိုးလာတယ်ပေါ့နော်။ သူက စီးပွားရေး GDP အရ ဆိုလည်း အများကြီး ရုရှားရဲ့အဆင့်က လျော့ကျသွားတာ တွေ့ရတယ်၊ ယူကရိန်းစစ်ပြီးတဲ့နောက်မှာ။ ဆိုတော့ ရုရှားက မြန်မာနိုင်ငံမှ မဟုတ်ဘူးပေါ့နော် တခြားသောနိုင်ငံတွေ အများကြီးမှာလည်း ဒီလိုမျိုး စာချုပ်တွေ ချုပ်တာတွေ ရှိတယ်။ ဒါပေမဲ့ ဘယ်နိုင်ငံမှာမှ လက်ရှိအချိန်ထိ ရုရှား ဦးဆောင်တဲ့ စီမံကိန်းတွေက လောက်လောက်လားလား အကောင်အထည်ဖော်တာကို မမြင်ရသေးဘူး။ ဆိုတော့ ရုရှားက သူနဲ့မှ ဒီ ပထဝီနိုင်ငံရေးအရ အလှမ်းဝေးကွာတဲ့ မြန်မာပြည်လို နိုင်ငံမျိုးမှာ လာပြီးတော့ အကြီးအကျယ် ရုရှားရဲ့ စီးပွားရေးအရ ဒီလိုမျိုး မဟာဗျူဟာအရ အရေးကြီးတဲ့ စီမံကိန်းတွေ ဒီလိုမျိုး ရင်းနှီးမြှုပ်နှံမှုတွေကို လုပ်နိုင်မဲ့ အနေအထားလို့တော့ မမြင်ဘူး။”
စစ်အာဏာရှင်သမ္မတ အနေနဲ့ ရုရှားဆီကနေ စီးပွားရေး ထွက်ပေါက်ထက် စစ်လက်နက် ရောင်းဝယ်ရေးနဲ့ တရုတ်အပေါ် လုံးလုံးလျားလျား မှီခိုနေရမှုကို ထိန်းညှိဖို့ ကြိုးပမ်းတာ ဖြစ်နိုင်တယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
ဒါ့အပြင် အာဆီယံနဲ့ ကုလသမဂ္ဂလို နိုင်ငံတကာ စင်မြင့်တွေမှာ ဝင်မဆန့်တဲ့ အခြေအနေကို နှစ်နိုင်ငံ သံတမန်ရေး ပူးပေါင်းဆောင်ရွက်မှုကတဆင့် တရားဝင်မှုကို ရှာဖွေနေတာလို့လည်း နိုင်ငံရေး လေ့လာသုံးသပ်သူတွေက သုံးသပ်ကြပါတယ်။
CDM ကထိက ဒေါက်တာသန်းလွင်ဦးက "မင်းအောင်လှိုင်ကတော့ ဒီ ပြန်ကြည့်လိုက်ရင်တော့ ရုရှားကို ဆက်ဆံရေး လုပ်တယ်ဆိုတဲ့ အနေအထားမှာ သူ့ရဲ့ ပြောမယ်ဆိုရင် နိုင်ငံတကာမှာ သူ့ရဲ့ အထီးကျန်ဖြစ်မှုနဲ့ တရားဝင်မှုကို သူ လုပ်ဆောင်တာ၊ ဆောင်ရွက်တာပါပဲ။ နောက်တခုက မင်းအောင်လှိုင်က ရုရှားကို လုပ်တဲ့အပိုင်းမှာ ကျနော်ပြန်ကြည့်လိုက်ရင် အိမ်နီးချင်း သူ့နဲ့ မဟာမိတ်ဆက်ဆံရေး တည်ဆောက်ထားတဲ့ တရုတ်ကိုလည်း balance လုပ်ချင်တဲ့ အနေအထားကို ကျနော်မြင်ရတယ်။ အဲဒီတော့ အခုလည်း ၁၀၂၇ operation ကလည်း ကျနော်တို့ ဒီမှာ မြင်သာထင်သာ ရှိတယ်လေ။ ဒါ သူ့ အကျိုးစီးပွားပေါ် မူတည်ပြီးတော့မှ စစ်တပ်ကို ကစားနေတယ် ဆိုတာလည်း သူတို့ အတိုင်းအတာတခု သိတယ်။ သိတယ်ဆိုတဲ့ အတွက်ကြောင့်မို့လို့ တနည်းအားဖြင့် ပြောရင်တော့ ဒါ ရုရှားနဲ့ကို မဟာဗျူဟာမြောက် ဆက်ဆံရေး သူတည်ဆောက်တယ်လို့တော့ မြင်ပါတယ်” လို့ ပြောပါတယ်။
မြန်မာ-ရုရှား နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်နိုင်ဖို့အတွက်ဆိုပြီး သြဂုတ် ၁၈ ရက်က စစ်အာဏာရှင် မင်းအောင်လှိုင်က ရုရှားသမ္မတပူတင်နဲ့ နားလည်မှုစာချွန်လွှာ ၁၂ ခုကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း (Rosatom) ကလည်း မြန်မာနိုင်ငံမှာ အသေးစား နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးကို ၂၀၂၇ ခုနှစ်အတွင်း စတင်နိုင်ဖို့ မျှော်မှန်းထားတယ်လို့ Rosatom ရဲ့ ညွှန်ကြားရေးမှူးချုပ်က ရုရှားသတင်းဌာန TASS ကို ပြောပါတယ်။
မြတ်သဇင်











