
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ စစ်အာဏာရှင်တပ်က စက်တင်ဘာ ၂၃ ရက် ဒီမနက် ၁၁ နာရီကျော်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ကားသမားတွေနဲ့ ဒေသခံ တော်လှန်ရေးအဖွဲ့တွေထံကနေ သိရပါတယ်။
ဒေသခံကားသမားတယောက်က “ကြဲချတာက အင်းတော်နဲ့ မဲဇာသွားလမ်းဆုံကို ကြဲချသွားတာ။ ဆီဘောက်ဆာတစီးနဲ့ တွဲကားတစီး မီးလောင်ပျက်စီးတယ်။ ကားသမားနဲ့ စပယ်ယာ ၂ ယောက် ပွဲချင်းပြီး သေဆုံးတယ်။ အခု ကားမီးလောင်နေတာကို ငြှိမ်းသတ်နေရတယ်။ ဘာကြောင့် ဗုံးကြဲချတာတော့ မသိဘူး။ ကျနော်တို့ အနီးအနားမှာတော့ ဘာတိုက်ပွဲမှ မရှိဘူး” လို့ ပြောပါတယ်။
အခုလို စစ်တပ်က ဗုံးကြဲချတာကြောင့် ကားသမား ၂ ယောက် သေဆုံးခဲ့ရတဲ့အပြင် ကျန်ကားသမားတွေလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အရေအတွက်ကိုတော့ အတိအကျ မသိနိုင်သေးဘူးလို့ ကူညီကယ်ဆယ်ရေးသမားတွေနဲ့ တော်လှန်ရေးအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒေသခံ ကူညီကယ်ဆယ်ရေးသမားတယောက်က “ဗုံးကြဲတာအပြင် လက်နက်ငယ်နဲ့ပါ ပစ်ခတ်သွားတဲ့ သဘောရှိတယ်။ တခြား ကားအောက်အိပ်နေတဲ့ သူတွေလည်း ထိခိုက်ဒဏ်ရာရရှိသူတွေလည်း များတယ်။ ကားတွေ ပျက်စီးတာတွေလည်း များတယ်။ အခုလောလောဆယ်တော့ အထိခိုက် သေဆုံးစာရင်းကတော့ အတည်ပြုလို့ မရသေးဘူး။ တချို့က ကြောက်လန့်ပြီး နေရာရွှေ့ပြောင်းသွားသူတွေလည်း ရှိသလို ကျနော်တို့ ကူညီပေးနေရသူတွေလည်း ရှိနေပါတယ်” လို့ ပြောပါတယ်။
အဆိုပါလေယာဉ်ဟာ တံတားဦးတက် Y 12 လေယာဉ် ဖြစ်တယ်လို့လည်း သိရပါတယ်။
အခုဗုံးကြဲပစ်ခတ်ခဲ့တဲ့ နေရာမှာ စစ်တပ်က အကြောင်းမဲ့ လာရောက်ပစ်ခတ်တာဖြစ်ပြီး ဒေသခံပြည်သူတွေအတွက် စက်သုံးဆီ အပါအဝင် ကုန်စည်စီးဆင်းလည်ပတ်တာကို ရည်ရွယ်ချက်ရှိ ရိက္ခာဖြတ်တောက်တာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။











