
မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းက ရေကြီးနေတဲ့ မြို့နယ်တွေမှာ စတားလင့်ခ် အင်တာနက် ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတယ်လို့ ဒေသခံတွေ အခက်အခဲ ကြုံနေကြရပါတယ်။
စစ်ကိုင်းတိုင်းထဲက ကောလင်း၊ ခင်ဦး၊ ဒီပဲယင်း၊ တန့်ဆည်၊ ကန့်ဘလူ၊ ရွှေဘို၊ အရာတော် စတဲ့ မြို့နယ်တွေအပါအဝင် မြို့နယ် ၁၃ ခုမှာ ရေဘေးဒဏ်ကို ကြီးကြီးမားမား ခံစားနေကြရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ဩဂုတ် ၁၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ရေဘေးသင့်နေတဲ့ စစ်ကိုင်းတိုင်းက ဒေသအများစုဟာ စစ်အာဏာရှင်တပ် လက်လွှတ်ထားရတဲ့ နေရာတွေ ဖြစ်တဲ့အတွက် ကူညီကယ်ဆယ်ရေးက မရှိသလောက် နည်းပါးပြီး ပြည်သူတွေမှာ ကိုယ်ထူကိုယ်ထ ကယ်ဆယ်ရေးလုပ်နေရတဲ့ အခြေအနေ ဖြစ်ပါတယ်။
ဒီလိုအခြေအနေမှာ အကူအညီပေးမဲ့သူတွေနဲ့ ချိတ်ဆက်နိုင်ဖို့ စတားလင့်ခ် အင်တာနက်ကိုပဲ အားကိုးနေရတာပါ။
ဒါပေမဲ့ အခုလို ရေကြီးနေတဲ့အချိန်မှာ စတားလင့်ခ် အင်တာနက်ဈေးတွေ အဆမတန် မြင့်တတ် လာတဲ့အတွက် ဆက်သွယ်ရေးမှာ ပိုပြီး အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ အရာတော်မြို့နယ် ဒေသခံတယောက်က ပြောပါတယ်။
“ဒီ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းနဲ့ပဲ တယောက်နဲ့တယောက် ဆက်သွယ်ပြီးတော့ ပြောနေရတာပေါ့။ ဒီကိုလာပြီး ကူညီချင်တဲ့သူတွေအတွက် ဖုန်းအင်တာနက်နဲ့ အဓိကထား ဆက်သွယ်ရတဲ့ အခြေအနေပေါ့နော်။ မြို့နယ်တိုင်းမှာလည်း ဆက်သွယ်ရေးစက်တွေနဲ့ ရေဒီယိုကနေ ပြောပေးနေတာတော့ ရှိတာပေါ့။ ဒါပေမဲ့ ဖုန်းလိုင်း အင်တာနက်လိုင်းလောက်တော့ မထိရောက်ဘူးပေါ့နော်။ အရင်တုန်းကတော့ ၁,၀၀၀ ကျပ်ဆိုရင်ကို တနေကုန်နီးပါးလောက် ရတယ်။ ၃ နာရီဆိုရင် ၅၀၀ ပေါ့နော်၊ အခုက 1 GB ကို ၃,၀၀၀ ဆိုတော့ ပုံမှန်အခြေအနေမှာဆို မလွယ်ဘူးပေါ့နော်။ အခုလို ရေဘေးသင့်နေတော့ ပိုပြီးခက်ခဲတာပေါ့။”
အခုလို စတားလင့်ခ် အင်တာနက် အသုံးပြုခတွေ အဆမတန် မြင့်တက်နေပေမဲ့လည်း အင်တာနက်လိုင်း ဖြတ်တောက်ခံထားရတဲ့ ဒေသတွေမှာ ပြည်သူတွေက စတားလင့်ကို သတင်းသိ ရှိရဖို့၊ ပြည်ပက မိသားစုတွေနဲ့ ဆက်သွယ်ဖို့၊ အခုလို ရေဘေးကာလမှာ တနေရာနဲ့ တနေရာ ချိတ်ဆက် အကူအညီတောင်းခံဖို့ စတားလင့်ခ် အင်တာနက်ကို မဖြစ်မနေ အသုံးပြုနေရတာပါ။
“အခုက ပြည်သူကနေပြည်သူ ကိုယ့်ဟာကိုယ်ပဲ ကူညီနေရတာ၊ အခု ရွာတရွာမှာ တောင်ပိုင်းက နစ်တယ်ဆိုရင် မြောက်ပိုင်းက ပြည်သူတွေက တောင်ပိုင်းကို ထမင်းပို့တယ်၊ အဲလို လုပ်နေရတာပေါ့။ စတားလင့်ခ်တွေလည်း ဈေးတက်တယ်၊ အစစအရာရာ အကုန်ဈေးတက်နေတာပေါ့လေ။ ပြည်သူကတော့ ဘယ်သုံးနိုင်တော့မလဲ။ အွန်လိုင်းကနေ မဖြစ်မနေတက်တဲ့ ကလေးတွေလောက်ပဲ မဖြစ်မနေသူလောက်ပဲ စတားလင့်ခ်သုံးရတာ ဖုန်းလိုင်းတွေက အကုန်ဖြတ်ထားတော့ မလွယ်ဘူးဗျ။”
ဇူလိုင် ၂ ရက်ကစလို့ စတားလင့်ခ်စက်တွေ ပိတ်ပင်ခံလိုက်ရပြီးတဲ့နောက်ပိုင်း စတားလင့်ခ်မှာ အရင်ပုံမှန်သုံးနေကျ ဈေးသက်သာတဲ့ Package တွေ သုံးမရတော့တဲ့အတွက် အခုလို စတားလင့်ခ် အသုံးပြုမှုဈေးနှုန်းတွေ မြင့်တက်လာတာ ဖြစ်ပါတယ်။
ဒီလိုမြင့်တက်လာတဲ့အတွက် ဒေသခံပြည်သူတွေရဲ့ လူမှုဘဝတွေမှာ ရိုက်ခတ်မှုရှိနေတဲ့အပြင် အခုလို ရေဘေးနဲ့ ကြုံရချိန်မှာ ဆက်သွယ်ရေးအတွက် ပိုပြီး အခက်တွေ့နေကြတာ ဖြစ်ပါတယ်။











