သာမန် အမေရိကန်နိုင်ငံသားတွေအပေါ်မှာ ရန်ငြိုးရန်စ မထားဘူးလို့ အီရန်သမ္မတ မာဆွတ်ဒ် ပေဇက်ရှ်ကီယံက အမေရိကန်ပြည်သူတွေဆီ ရေးသားထားတဲ့ ပေးစာထဲမှာ ပြောကြားလိုက်ပြီး ဝါရှင်တန်အစိုးရက အီရန်ရဲ့ပုံရိပ်ကို ပုံဖျက်နေတာလို့ စွပ်စွဲလိုက်ပါတယ်။
ဧပြီ ၁ ရက်က လူမှုမီဒီယာမှာ တင်ထားတဲ့ စာထဲမှာ ပေဇက်ရှ်ကီယံက အီရန်ကို ခြိမ်းခြောက်မှုတခုလို ပုံဖော်နေတာဟာ “သမိုင်းဖြစ်ရပ်မှန်တွေနဲ့လည်း မကိုက်ညီသလို လက်ရှိမြင်တွေ့နေရတဲ့ အချက်အလက်တွေနဲ့လည်း မကိုက်ညီဘူး” လို့ ပြောဆိုလိုက်ပြီး အီရန်ရဲ့ လုပ်ရပ်တွေဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက်ပဲလို့လည်း ဆိုပါတယ်။
ဒါ့အပြင် အီရန်နိုင်ငံပတ်ပတ်လည်မှာ အမေရိကန်စစ်တပ် လာရောက်တပ်စွဲထားတာကို သူက ဝေဖန်လိုက်ပြီး အရင်က အမေရိကန်ရဲ့ ကြားဝင်စွက်ဖက်မှုတွေကြောင့်ပဲ နှစ်ရှည်လများ မယုံကြည်မှုတွေ ဖြစ်နေရတာလို့ ထောက်ပြပါတယ်။
အီရန်၊ အမေရိကန်နဲ့ အစ္စရေးတို့ကြား ရက်သတ္တပတ်တော်တော်ကြာအောင် ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် ကမ္ဘာ့လောင်စာဆီဈေးကွက်တွေ ကမောက်ကမဖြစ်ပြီး တင်းမာမှုတွေ မြင့်တက်နေချိန်မှာပဲ ဒီပေးစာ ထွက်ပေါ်လာတာပါ။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကတော့ အပစ်အခတ်ရပ်စဲဖို့ အီရန်ဘက်က တောင်းဆိုလာတယ်လို့ ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာ ပြောခဲ့ပေမဲ့ တီဟီရန် အစိုးရကတော့ ဒီပြောဆိုချက်ကို ငြင်းဆိုထားပါတယ်။
Source: Reuters










