DVB Logo
Home
မြန်မာသတင်း
အထောက်အထားမစုံသည့် မြန်မာလုပ်သားများအား ပွဲစားများက ပစ်မှတ်ထား အမြတ်ထုတ်နေ
ဇွဲသစ်
·
July 13, 2026
Photo: DVB
Photo: DVB
Donate to DVB

ထိုင်းနိုင်ငံမှာ အထောက်အထား အပြည့်အစုံမရှိဘဲ အလုပ်ရှာဖွေနေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ပွဲစားတွေက ပစ်မှတ်ထားပြီး အလုပ်သွင်းပေးခ(စမတ်ကြေး) အဆမတန်ယူကာ လုပ်အားနဲ့ ငွေကြေး အမြတ်ထုတ်တာတွေ ရှိနေပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာလုပ်သား အများဆုံးရှိတဲ့ မဟာချိုင်၊ ဘန်ကောက်၊ ချွန်ပူးရီမြို့နယ်တို့မှာ အလုပ်ရှာဖွေတဲ့ အလုပ်သမားတွေကို ပွဲစားတွေက စက်ရုံ၊ အလုပ်ရုံတွေမှာ အလုပ်သွင်းပေးခ (စမတ်ကြေး) အဆမတန်တောင်းကာ အချိန်ပြည့်စာချုပ်နဲ့ မဟုတ်ဘဲ ၄ လ၊ ၇ လ ရေတိုစာချုပ်တွေနဲ့ အလုပ် လိမ်ညာခေါ်ယူ သွင်းပေးနေတယ်လို့ သိရပါတယ်။

လုပ်သားတွေဟာ လုပ်ငန်းခွင်တွေမှာ အခွင့်အရေး ချိုးဖောက်ခံရတာအပြင် စမတ်ကြေး အဆမတန် ပေးရတာနဲ့ အလုပ်ရုံဘက်က ကြိုတင်အကြောင်းမကြားဘဲ အလုပ်သမားတွေကို အုပ်စုလိုက် ရာနဲ့ချီ အလုပ်ဖြုတ်တာတွေ အများဆုံး ကြုံနေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

ချွန်ပူးရီခရိုင်မှ စက်ရုံအလုပ်သမားတယောက်က “စမတ်ကြေးက အမျိုးမျိုးပဲ။ တချို့ရုံတွေဆိုရင် ဘတ် ၁၂,၀၀၀၊ ၁၃,၀၀၀ တောင်းတယ်။ အနည်းဆုံးကတော့ ဘတ် ၃,၀၀၀၊ ၄,၀၀၀ လောက် ပေးရတယ်။ ဘယ်ရုံဝင်ဝင် မဖြစ်မနေ ပေးရတယ်။ စက်ရုံတွေကတော့ စမတ်ကြေး မယူဘူး။ ကြားထဲက ကိုယ့်မြန်မာ ဆိုရင်လည်း ထိုင်းစကားတတ်တဲ့သူတွေ ပွဲစားတွေက ကြားထဲက ဖြတ်စားသွားတာ။ စက်ရုံက တိုက်ရိုက်မယူဘူး၊ စမတ်ကြေး မယူဘူး။ ထိုင်းစကားတတ်တဲ့သူက နည်းတယ်။ ဒီထဲကိုဝင်တော့ စက်ရုံထဲမှာ စာရေးတွေက ထိုင်းလူမျိုးတွေဆိုတော့ စကားမတတ်တော့ အလုပ်သွားလျှောက်လို့ အဆင်မပြေဘူး။ ဒီမှာက တော်တော်များများက အလုပ်လုပ်ရင် ပွဲစားတွေနဲ့ပဲ လုပ်ကြတာ။ ပွဲစားတွေနဲ့လုပ်ရင် အနည်းနဲ့အများတော့ ပေးရတာပဲ။ တချို့ကျတော့ ပိုက်ဆံတွေ မတန်မဆယူပြီး တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘူး။ အလုပ်တွေ ပြုတ်သွားရင်လည်း သူတို့နဲ့ မဆိုင်သလိုပဲ နေကြတာ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ အစပိုင်းကလည်း ချွန်ပူးရီခရိုင်မှာ ပန်ကာထုတ်လုပ်တဲ့ အီလက်ထရောနစ် စက်ရုံက အလုပ်သမား ၆၀ ကျော်နဲ့ ထိုင်ခုံ၊ တွန်းလှည်းထုတ်တဲ့ စက်ရုံတို့မှာ အလုပ်လုပ်တဲ့ အလုပ်သမား ၆၀ ကျော်၊ စုစုပေါင်း အယောက် ၁၂၀ ကျော်ကို စက်ရုံဘက်က ကြိုတင် အကြောင်းမကြားဘဲ ရုတ်တရက် အလုပ်ဖြုတ်ခဲ့ပါတယ်။

အဲဒီအလုပ်သမားတွေထဲက အများစုဟာ အလုပ်ရဖို့ တယောက်ကို ဘတ် ၆,၅၀၀ ကနေ ၇,၅၀၀ ဝန်းကျင် စမတ်ကြေး ပေးခဲ့ရသလို တချို့က အလုပ်ရှင် သူဌေးပြောင်းခအဖြစ် နောက်ထပ် ဘတ် ၄,၅၀၀ စီ ပေးခဲ့ရတယ်လို့ သိရပါတယ်။

မြန်မာပွဲစားတွေနဲ့ ကြားခံအေဂျင်စီတွေ ပူးပေါင်းပြီး အလုပ်သမားတွေဆီက စမတ်ကြေး အမြောက်အမြား ကောက်ခံသလို အလုပ်အကိုင် အာမခံချက်နဲ့ အလုပ်သမား အခွင့်အရေးကိုလည်း တာဝန်မယူကြဘူးလို့ WAG အလုပ်သမား မဟာမိတ်အဖွဲ့ ဦးဆောင်သူ ကိုမုန်တိုင်းက ပြောပါတယ်။

“မြန်မာပွဲစားတွေက မပြောမဆိုနဲ့ အေဂျင်စီတွေကို သွားသွားပြီး ထိုးအပ်တာ။ စမတ်ကြေးရရေး တခုတည်းနဲ့ ယူပြီးရင် တယောက်ကို ၈,၀၀၀၊ ၉,၀၀၀၊ ၁၀,၀၀၀ အဲလို စမတ်ကြေးတွေယူပြီး အေဂျင်စီက ဘတ်ငါးသန်းကုမ္ပဏီတွေကို သွားပေးတယ်။ သူတို့ ဘယ်နှလ အလုပ်လုပ်ရမယ် ဆိုတာကို မပြောကြဘူး။ ပြောရမယ်ဆိုရင် ဒီအေဂျင်စီတွေနဲ့ ပွဲစားတွေ ပေါင်းပြီး မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေအပေါ်မှာ အမြတ်ထုတ်နေကြတာ။ အလုပ်သမားတွေအနေနဲ့ လိုင်းပေါ်က ပွဲစားတိုင်းကို အလုပ်တွေရှာဖို့ မအပ်စေချင်ဘူး။ ကိုယ့်ဆွေမျိုးသားချင်းရှိမှ အလုပ် လုပ်စေချင်တယ်။ ပွဲစားတိုင်း အေဂျင်စီတိုင်းကို မယုံစေချင်ဘူး။ အခုဆိုရင် အလုပ်သမား ၆၀ ကျော်လောက်က ကျန့်မခေါက်ထားဘူး (အလုပ်ရှင်သူဌေး ပြောင်းမထားဘူး) ဆိုပြီး အလုပ်သမား အကျုံးမဝင်ဘူး ဖြစ်သွားတယ်။ ဒါပေမဲ့ သူတို့ဘက်က အလုပ်ပြန်ပေးမယ်ဆိုရင် လျော်ကြေး မပေးရဘူး။ အလုပ်ပြန်မပေးနိုင်ဘူးဆိုရင် လျော်ကြေးပေးရမှာပေါ့။”

မြန်မာနိုင်ငံမှာ နိုင်ငံရေးပဋိပက္ခတွေကြောင့် ထိုင်းနိုင်ငံကို ရွှေ့ပြောင်းခိုလှုံလာတဲ့ အထောက်အထားမဲ့ လုပ်သားတွေကို ပစ်မှတ်ထားပြီး အေဂျင်စီနဲ့ မြန်မာပွဲစားတွေက အခွင့်ကောင်းယူကာ အခုလို ငွေကြေးအမြတ်ထုတ်တဲ့ ဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်ပွားနေတယ်လို့ အလုပ်သမားအရေး ကူညီပေးသူတွေက သတိပေးပါတယ်။

ထိုင်းနိုင်ငံမှာ အလုပ်သမားဥပဒေအရ အလုပ်ဖြုတ်ခံရတဲ့အခါ အလုပ်ရှင်ဘက်က ကြိုတင် အသိပေးတာနဲ့ လုပ်သက်အလိုက် နစ်နာကြေးပေးဖို့ တာဝန်ရှိပါတယ်။

ဒါပေမဲ့ မြန်မာ ရွှေ့ပြောင်းလုပ်သားတွေဟာ အထောက်အထား မပြည့်စုံတာကြောင့် ရသင့်ရထိုက်တဲ့ နစ်နာကြေးနဲ့ အခွင့်အရေးတွေ မရဘဲ အခက်အခဲတွေ ရင်ဆိုင်နေကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013