
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်မှာ အသက် ၁၆ နှစ်အရွယ် လူငယ် ၁ ယောက်အပါအဝင် လူငယ် ၃ ယောက်ကို စက်တင်ဘာ ၂၅ ရက် မနေ့က စစ်အာဏာရှင်တပ်က အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီး သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရေကြည်မြို့နယ်ထဲက မယင်းကူး၊ ရွာသစ်ကြီးနဲ့ ကွမ်းချောင်းကျေးရွာက ဒေသခံလူငယ်တွေဖြစ်ပြီး စက်တင်ဘာ ၂၅ ရက် ည ၈ နာရီလောက်မှာ စစ်အာဏာရှင်တပ်က ရွာထဲဝင်ကာ အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
ဖြစ်စဉ်ကိုသိရှိတဲ့ ဒေသခံတယောက်က “ပေါ်တာဆွဲခံရသူတွေက လူငယ်တွေချည်းပဲ။ အားလုံး အိမ်တွေမှာ ဖမ်းခေါ်သွားတာ။ မယင်းကူးရွာက အသက် ၁၆ နှစ်အရွယ်တယောက်နဲ့ အားလုံး ၃ ယောက်ပါ” လို့ ပြောပါတယ်။
စစ်အာဏာရှင်တပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးခံရတဲ့ လူငယ် ၃ ယောက်ဟာ အသက် ၂၀ ကျော်အရွယ် ကိုသက်ဝေနဲ့ ကိုဇော်လွင်၊ အသက် ၁၆ နှစ်အရွယ် မောင်မင်းသူတို့ ဖြစ်ပြီး လူငယ်တွေက အဖမ်းမခံတာကြောင့် စစ်အာဏာရှင်တပ်က ရိုက်နှက်ဖမ်းခေါ်သွားတယ်လို့ ဆိုပါတယ်။
အဖမ်းခံရသူတွေနဲ့ နီးစပ်သူတယောက်က “အဖမ်းခံရတဲ့သူတွေနဲ့ အဆက်အသွယ် မရသေးဘူး။ ဘယ်ခေါ်သွားလဲလည်း မသိဘူး။ မိသားစုတွေကငိုယိုပြီး ကျန်နေခဲ့တာ။ သေနတ်တွေချိန်ပြီး လာခေါ်တာ။ လာခေါ်တဲ့စစ်သားတွေက မူးရူးနေတဲ့ပုံစံပဲ။ ကလေးတွေကို ရိုက်နှက်သွားတာ ရစရာတောင် မရှိဘူး” လို့ ပြောပါတယ်။
အဓမ္မပေါ်တာဆွဲခံရတဲ့လူငယ်တွေနဲ့ စက်တင်ဘာ ၂၆ ရက် နေ့လယ်ပိုင်းအထိ အဆက်အသွယ်မရသေးဘဲ ဘယ်နေရာမှာ ဖမ်းဆီးထားတယ်ဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၁၆ ရက်ကလည်း စစ်အာဏာရှင်တပ်က ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့မှာ PDF တွေနဲ့ ပတ်သက်တယ်လို့ စွပ်စွဲပြီး လူငယ် ၂ ယောက်ကို ဖမ်းဆီးခဲ့သေးတယ်လို့ သိရပါတယ်။










