
UWSA ‘ဝ’ တပ်ဖွဲ့ထိန်းချုပ်ရာ ရှမ်းပြည်နယ်၊ ပန်ဆန်းမြို့မှာ ဧပြီ ၇ ရက် ညနေက ယမ်းသိုလှောင်ထားတဲ့ စက်ရုံပေါက်ကွဲပြီး ထိခိုက်သေဆုံးသူများပြားတယ်လို့ Wa News Land သတင်းအရ သိရပါတယ်။
ယောင်းပန်ရွာရှိ ယမ်းစက်ရုံမှာ ဧပြီ ၇ ရက် ညနေ ၄ နာရီဝန်းကျင်က ပေါက်ကွဲမှုဖြစ်ပွားတာဖြစ်ပြီး လူအယောက် ၅၀ မှ ၆၀ အထိ ထိခိုက်မှုရှိကာ သေဆုံးသူတွေလည်း ရှိတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
သက်ဆိုင်ရာတရားစီစဉ်ရေးနဲ့ ရဲဌာနက လိုအပ်တဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက် နေပြီး ဖြစ်စဉ်အသေးစိတ်နဲ့ ထိခိုက်သေဆုံးသူစာရင်း အတိအကျကိုတော့ စုံစမ်းနေဆဲလို့ ဆိုပါတယ်။
တချို့မီဒီယာတွေကတော့ သေဆုံးသူ ၁၀၀ ကျော်ရှိကြောင်း၊ တရုတ်နိုင်ငံသားပိုင် ယမ်းထုတ် လုပ်တဲ့ စက်ရုံပေါက်ကွဲတာဖြစ်တယ်၊ တာဝန်ရှိသူတွေက စက်ရုံတာဝန်ခံ တရုတ်နိုင်ငံသားကို ခေါ်ယူစစ်ဆေးနေတယ်လို့ဆိုပေမဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိပါဘူး။
မြောက်ပိုင်းဒေသခံတယောက်က “ပေါက်ကွဲမှုဖြစ်တဲ့နေရာဟာ မိုင်းမောနဲ့ ပန်ဆန်းကြားမှာရှိပြီး ပန်ဆန်းနဲ့ ကီလိုမီတာ ၃၀ လောက်ဝေးသေးတယ်။ ‘ဝ’ တပ်ဖွဲ့ရဲ့ လက်နက်ခဲယမ်းလုပ်တဲ့စက်ရုံက ပေါက်ကွဲတာ၊ သူက အဲဒီရွာနားနေထိုင်တဲ့ အလုပ်သမားတယောက်ပါ။ ယမ်းစက်ရုံ ပေါက်ကွဲ မီးလောင်မှုကနေ လူတွေရဲ့ အသားစ၊ ခြေပြတ်၊ လက်ပြတ်တွေ စက်ရုံဝင်းအပြင်ထိ လွင့်စင် လာတယ်။ သေဆုံးသူ ၅၀၊ ၆၀ လောက်ရှိမယ်လို့ ခန့်မှန်းတယ်။ နေအိမ်အဆောက်အအုံတွေလည်း အများကြီး ပျက်စီးတယ်၊ သူက အလွန်ကံကောင်းလို့ စက်ရုံဝင်းထဲ ဝင်မသွားတာ”လို့ လိုက်ဖ်လွှင့်ရင်း ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒီဗွီဘီက UWSA လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရမ်းကို ဆက်သွယ် မေးမြန်းဖို့ အကြိမ်ကြိမ်ကြိုးစားပေမဲ့ ပြန်လည်ဖြေကြားပေးခြင်းမရှိပါဘူး။
Source: Wa News Land











