
လတ်တလော ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC)နဲ့ ယူဂန်ဒါနိုင်ငံတို့မှာ ဖြစ်ပွားနေတဲ့ အီဘိုလာ ရောဂါကူးစက်ပြန့်ပွားမှု အခြေအနေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မေလ ၁၇ ရက် က "နိုင်ငံတကာအဆင့် အရေးတကြီး ကိုင်တွယ်ရမဲ့ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ" အဖြစ် ကြေညာခဲ့ပါတယ်။
အခုကူးစက်မှုဟာ ဗိုင်းရပ်စ်မျိုးကွဲတခုဖြစ်တဲ့ ဘွန်ဒီဗူးဂျိုးကြောင့် ဖြစ်ပွားရတာဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအသွင် အရေးပေါ်အခြေအနေ (Pandemic emergency) သတ်မှတ်ချက်နဲ့တော့ ကိုက်ညီမှုမရှိသေးပေမဲ့ ကွန်ဂိုနိုင်ငံ (DRC) နဲ့ ကုန်းမြေနယ်နိမိတ်ချင်း ထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ ဆက်လက်ကူးစက်ပြန့်ပွားနိုင်ခြေ အန္တရာယ် အလွန်မြင့်မားနေကြောင်း WHO က သတိပေးထားပါတယ်။
အီဘိုလာရောဂါ ကူးစက်မှုအသစ်နဲ့ ဒီဗိုင်းရပ်စ် ကူးစက်ပြန့်ပွားပုံနဲ့ ပတ်သက်လို့ ဘာတွေသိထားသလဲ။
အီဘိုလာဆိုတာ ဘာလဲ
အာဖရိက ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (Africa CDC) ရဲ့ အဆိုအရ အီဘိုလာရောဂါဟာ ပြင်းထန်ပြီး အသက်အန္တရာယ် ဆုံးရှုံးရလေ့ရှိတဲ့ ဗိုင်းရပ်စ်ရောဂါတခု ဖြစ်ပါတယ်။ ရောဂါလက္ခဏာတွေမှာ ဖျားတာ၊ ကိုယ်လက်ကိုက်ခဲတာ၊ အန်တာနဲ့ ဝမ်းလျှောတာတို့ ဖြစ်ပါတယ်။ ရောဂါပိုးရှိသူရဲ့ ခန္ဓာကိုယ်မှ ထွက်တဲ့ အရည်တွေ သွေး၊ တံထွေး၊ ဆီး၊ ဝမ်း စတဲ့ ပိုးမွှားပေကျံနေတဲ့ ပစ္စည်းကိရိယာတွေနဲ့ တိုက်ရိုက်ထိတွေ့မိတာ ဒါမှမဟုတ် အခုရောဂါနဲ့ သေဆုံးသွားသူရဲ့ ရုပ်အလောင်းနဲ့ တိုက်ရိုက်ထိတွေ့မိတာတွေကန တဆင့် ကူးစက်ပြန့်ပွားပါတယ်။
အခု ဖြစ်ပွားမှုဟာ ၁၉၇၆ ခုနှစ်မှာ အီဘိုလာဗိုင်းရပ်စ်ကို စတင်တွေ့ရှိခဲ့ပြီးနောက်ပိုင်း ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ မှာ ၁၇ ကြိမ်မြောက် ဖြစ်ပွားတဲ့ ရောဂါကူးစက်မှုဖြစ်ပါတယ်။
အီဘိုလာရောဂါဟာ ၁၉၇၆ ခုနှစ်မှာ ကူးစက်မှု ၂ ခု ပြိုင်တူဖြစ်ပွားရာမှ စတင်ပေါ်ပေါက်ခဲ့ပါတယ်။ ပထမတခုမှာ အခုလက်ရှိ တောင်ဆူဒန်နိုင်ငံ နဇာရာမြို့မှာ ဖြစ်ပွားခဲ့တဲ့ ဆူဒန်ဗိုင်းရပ်စ်ရောဂါ ကူးစက်မှုဖြစ်ပြီး၊ နောက်တခုမှာ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ ယမ်ဘူကူမြို့မှာ ဖြစ်ပွားခဲ့တဲ့ အီဘိုလာဗိုင်းရပ်စ်ရောဂါ ကူးစက်မှုဖြစ်ပါတယ်။ နောက်ဆုံးဖြစ်ပွားခဲ့တဲ့နေရာမှာ အီဘိုလာမြစ်အနီးရှိ ကျေးရွာတရွာဖြစ်ပြီး အဆိုပါမြစ်ကို အစွဲပြုလို့ ရောဂါအမည်ကို အီဘိုလာလို့ အမည်ပေးခဲ့တာ ဖြစ်ပါတယ်။
ရောဂါကူးစက်ပြန့်ပွားပုံ
မိုးသစ်တောတွေထဲမှာ နေမကောင်းဖြစ်နေတဲ့ ဒါမှမဟုတ် သေဆုံးနေတဲ့ လင်းဆွဲ၊ ချင်ပန်ဇီ၊ ဂေါ်ရီလာ၊ မျောက်၊ တောတွင်းဆိတ် သို့မဟုတ် သမင်ကောင်တွေရဲ့ သွေး၊ ထွက်ဝင်ရည်တွေ၊ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ၊ တခြားခန္ဓာကိုယ်ထွက် အရည်တွေနဲ့ လူအချင်းချင်း အနီးကပ်ထိတွေ့မိရာကတဆင့် ဗိုင်းရပ်စ်ပိုး ကူးစက်နိုင်ပါတယ်။
လူတယောက်မှ တယောက် ဗိုင်းရပ်စ်ပိုး ကူးစက်ရာမှာ အရေပြားပေါက်ပြဲခြင်း ဒါမှမဟုတ် အချွဲမြှေးကနေ တဆင့် တိုက်ရိုက်ထိတွေ့မိခြင်းကြောင့် ကူးစက်နိုင်သလို အီဘိုလာရောဂါနဲ့ ဖျားနာနေသူ ဒါမှမဟုတ် သေဆုံးသွားသူရဲ့ သွေး၊ မစင်၊ အံဖတ်နဲ့ ခန္ဓာကိုယ်ထွက်အရည်တွေကနေ ကူးစက်နိုင်ပါတယ်။
ကျန်းမာရေးနဲ့ ပြုစုစောင့်ရှောက်ရေးဝန်ထမ်းတွေဟာ အီဘိုလာလူနာတွေကို ကုသပေးစဉ်အတွင်း ရောဂါပိုးကူးစက်ခံရမှု မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။ ဒါဟာ ပိုးကူးစက်မှု ကာကွယ်ရေး သတိပြုရမဲ့ အချက်တွေကို တိတိကျကျ လိုက်နာဆောင်ရွက်ခြင်း မရှိဘဲ လူနာတွေနဲ့ အနီးကပ် ထိတွေ့မိခြင်းကြောင့် ဖြစ်ပွားရတာဖြစ်ပါတယ်။
သေဆုံးသူရဲ့ ရုပ်အလောင်းနဲ့ တိုက်ရိုက်ထိတွေ့ရတဲ့ သင်္ဂြိုဟ်ခြင်းဆိုင်ရာ အခမ်းအနား အလေ့အထတွေကလည်း အီဘိုလာရောဂါ ကူးစက်ပြန့်ပွားမှုကို ဖြစ်စေနိုင်ပါတယ်။
ရောဂါလက္ခဏာများ
ရောဂါပိုးဝင်ရောက်ချိန်မှ ရောဂါလက္ခဏာ စတင်ပြသချိန်အထိ ကာလဟာ ၂ ရက်မှ ၂၁ ရက်အထိ ကွဲပြားနိုင်ပါတယ်။
အီဘိုလာရောဂါလက္ခဏာတွေဟာ ရုတ်တရက် ပြလာတတ်ပြီး အထူးသဖြင့် ဖျားခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ နေထိုင်မကောင်းဖြစ်ခြင်း၊ ကြွက်သားကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်းနဲ့ လည်ခြောင်းနာခြင်းတို့ ပါဝင်ပါတယ်။
ဒီနောက် အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ဗိုက်အောင့်ခြင်း၊ အနီစက်တွေထွက်ခြင်း၊ ကျောက်ကပ်နဲ့ အသည်းလုပ်ငန်းဆောင်တာတွေ ပျက်စီးလာတဲ့ လက္ခဏာတွေဆက်တိုက် ဖြစ်လာတတ်ပါတယ်။ ကျန်းမာရေးနဲ့ ပြုစုစောင့်ရှောက်ရေးဝန်ထမ်းတွေအနေနဲ့ အထက်ပါလက္ခဏာတွေကို ဂရုတစိုက် စောင့်ကြည့်စစ်ဆေးဖို့ အရေးကြီးပါတယ်။
သွေးထွက်ခြင်ဟာ အလွန်အဖြစ်များတဲ့ လက္ခဏာတခုအဖြစ် အထင်ရှိကြပေမဲ့ အမှန်တကယ်မှာ အနည်းငယ်သာဖြစ်ပြီး ရောဂါရင့်လာတဲ့ ကာလကျမှသာ ဖြစ်ပွားတတ်ပါတယ်။ တချို့လူနာတွေကတော့ အတွင်းသွေးယိုစီးခြင်းနဲ့ ပြင်ပသွေးထွက်ခြင်းတွေ ဖြစ်ပွားနိုင်ပြီး၊ အန်ဖတ်နဲ့ မစင်တွေမှာ သွေးပါခြင်း၊ နှာခေါင်း၊ သွားဖုံးနဲ့ မိန်းမကိုယ်တို့မှ သွေးထွက်ခြင်းတို့ ပါဝင်ပါတယ်။ ဆေးထိုးအပ်နဲ့ အရေပြားကို ထိုးဖောက်ထားတဲ့ နေရာတွေကလည်း သွေးယိုစီးမှု ဖြစ်ပွားနိုင်ပါတယ်။ ဗဟိုအာရုံကြောစနစ်ကို ထိခိုက်မှုကြောင့် စိတ်ရှုပ်ထွေးခြင်း၊ စိတ်တိုလွယ်ခြင်းနဲ့ ရန်လိုခြင်းတို့လည်း ဖြစ်တတ်ပါတယ်။
ဘွန်ဒီဗူးဂျိုး (Bundibugyo strain) ဗိုင်းရပ်စ်မျိုးကွဲဆိုတာ ဘာလဲ
ဘွန်ဒီဗူးဂျိုးဆိုဟာ အီဘိုလာဗိုင်းရပ်စ်ရဲ့ မျိုးကွဲတခုဖြစ်ပါတယ်။ WHO ရဲ့ အဆိုအရ အရင်က အခုမျိုးကွဲကြောင့် ရောဂါကူးစက်မှု ၂ ကြိမ် ဖြစ်ပွားခဲ့ဖူးပါတယ်။
လူသိများတဲ့ အီဘိုလာ-ဇိုင်ယာ (Ebola-Zaire) မျိုးကွဲများ နဲ့ မတူဘဲ အခု ဘွန်ဒီဗူးဂျိုး ဗိုင်းရပ်စ်အတွက် သီးသန့်အတည်ပြုထားတဲ့ ကုထုံး ဒါမှမဟုတ် ကာကွယ်ဆေး မရှိသေးသောကြောင့် အခုကူးစက်မှုအခြေအနေဟာ "ထူးခြားဆန်းပြားပြီး စိုးရိမ်စရာ" ဖြစ်နေတယ်လို့ WHO က ဆိုပါတယ်။
အောက်စဖို့ဒ်တက္ကသိုလ်၊ ကပ်ရောဂါသိပ္ပံအင်စတီကျုမှ ကျန်းမာရေးအရေးပေါ်အခြေအနေဆိုင်ရာ တွဲဖက်ပါမောက္ခ အာမန်ဒါ ရိုဂျက်က "ဝမ်းနည်းစရာကတော့ ဘွန်ဒီဗူးဂျိုးမျိုးကွဲဟာ ကူးစက်မှုကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်ခဲ့တဲ့ ဇိုင်ယာအီဘိုလာဗိုင်းရပ်စ် (Zaire ebolavirus) လိုမျိုး သက်သေပြပြီးသား ကာကွယ်တားဆီးရေး နည်းလမ်းတွေ ပိုမိုနည်းပါးနေတာပဲ ဖြစ်ပါတယ်" လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
ဘယ်နိုင်ငံတွေကို ကူးစက်ပျံ့နှံ့နေပြီလဲ
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံနဲ့ ယူဂန်ဒါနိုင်ငံ အစိုးရတို့က ရောဂါကူးစက်ခံရသူတွေရှိတယ်လို့ အတည်ပြုထားပြီး၊ ကွန်ဂိုနိုင်ငံဟာ အဆိုးရွားဆုံး ထိခိုက်ခံစားနေရပါတယ်။
အာဖရိက ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာ (Africa CDC) က ဆက်လက်ကူးစက်ပြန့်ပွားမှုအား ကန့်သတ်ဖို့နဲ့ နယ်စပ်ဖြတ်ကျော်လှုပ်ရှားမှုတွေကို စောင့်ကြည့်ဖို့ တောင်ဆူဒန်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ နိုင်ငံတကာကို တနင်္ဂနွေနေ့က ပြောကြားခဲ့ပါတယ်။
အီဘိုလာရောဂါ လူဦးရေ ဘယ်လောက်ထိ ထိခိုက်ခံစားနေရပြီလဲ
အီဘိုလာဗိုင်းရပ်စ် ကူးစက်နေလို့ ယူဂန်ဒါနဲ့ ကွန်ဂိုနိုင်ငံတွေမှာ လူ ၁၇၇ ယောက်ထက်မနည်း သေဆုံးပြီး အယောက် ၇၅၀ အထိ ကူးစက်ခံခဲ့ရတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အကြီးအကဲက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံက ပြည်နယ် ၃ ခုမှာ အီဘိုလာရောဂါကြောင့် သေဆုံးသူ ၂၀၄ ဦးရှိပြီလို့ဆိုပါတယ်။
ကွန်ဂိုနိုင်ငံရဲ့ အရှေ့မြောက်ပိုင်းမှာ အီဘိုလာရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ရာမှာ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) ဟာ ကွန်ဂိုနိုင်ငံကို ထောက်ပံ့နေတယ်လို့ (WHO)ရဲ့ ညွှန်ကြားရေးမှူးချုပ်က မေလ ၁၅ ရက်မှာ ပြောပါတယ်။ WHO ဟာ ကွန်ဂိုနိုင်ငံရဲ့မြို့တော် ကင်ရှာဆာက ဓာတ်ခွဲခန်း တစ်ခုမှာ အတည်ပြုထားတဲ့ ဖြစ်ရပ် ၁၃ ခုကို သိထားတယ်လို့ ပြောပါတယ်။
M23 သူပုန်တွေ ထိန်းချုပ်ထားတဲ့ ကွန်ဂိုနိုင်ငံအရှေ့ပိုင်း ဂိုမာမြို့မှာလည်း နောက်ထပ် ကူးစက်ခံရသူတယောက် ရှိတယ်လို့ အတည်ပြုထားပါတယ်။ ဒါ့အပြင် ယူဂန်ဒါအာဏာပိုင်တွေကလည်း ဒုတိယမြောက် ကူးစက်ခံရသူတယောက်ကို အတည်ပြုခဲ့ပါတယ်။
ဒါပေမဲ့ WHO က "လက်ရှိအချိန်တွင် ယခုအခြေအနေနှင့် ပတ်သက်၍ အမှန်တကယ် ကူးစက်ခံရသူ အရေအတွက်နှင့် ပထဝီဝင်အနေအထားအရ ကူးစက်ပြန့်ပွားမှု အတိုင်းအတာတို့အပေါ် ကြီးမားတဲ့ မရေရာမှုတွေ ရှိနေသေးတယ်" လို့ သတိပေးထားပါတယ်။
အဓိကအချက်အလက်များ
ပြင်းထန်တဲ့ အီဘိုလာရောဂါဟာ လူတွေကို သက်အန္တရာယ် ဆုံးရှုံးရလေ့ရှိတဲ့ ရောဂါတခုဖြစ်ပါတယ်။ အီဘိုလာရောဂါ ကူးစက်မှုအသွင် အကြီးအကျယ် ဖြစ်ပွားစေတတ်တဲ့ ဗိုင်းရပ်စ် ၃ မျိုးရှိပြီး အီဘိုလာဗိုင်းရပ်စ် (Ebola virus)၊ ဆူဒန်ဗိုင်းရပ်စ် (Sudan virus)နဲ့ ဘွန်ဒီဗူးဂျိုးဗိုင်းရပ်စ် (Bundibugyo virus) တို့ ဖြစ်ကြပါတယ်။
အီဘိုလာရောဂါကြောင့် ပျမ်းမျှသေဆုံးမှုနှုန်းမှာ ၅၀ ရာခိုင်နှုန်းလောက်ရှိပြီး အရင်က ကူးစက်မှုတွေမှာ သေဆုံးမှုနှုန်းက ၂၅ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်း အထိ ကွဲပြားမှုရှိခဲ့ပါတယ်။ ရောဂါလက္ခဏာကို စောစောစီးစီး သိရှိပြီး ခန္ဓာကိုယ်တွင်း ရေဓာတ်ပြန်လည်ဖြည့်တင်းခြင်းနဲ့ ပြင်းပြင်းထန်ထန် ပြုစုကုသပေးတာက အသက်ရှင်သန်နိုင်ခြေကို မြင့်တက်စေပါတယ်။
အတည်ပြုထားတဲ့ ကာကွယ်ဆေးတွေနဲ့ ကုထုံးတွေဟာ ဗိုင်းရပ်စ်တမျိုးတည်း (Ebola virus) အတွက်သာ ရရှိနိုင်သေးပြီး ကျန်ဗိုင်းရပ်စ်မျိုးကွဲတွေအတွက်တော့ သုတေသနပြု ချက်လုပ်ဆဲအဆင့်မှာပဲ ရှိပါသေးတယ်။
ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့ လူနာကို ပြင်းထန်စွာ ပြုစုကုသပေးခြင်း၊ ပိုးကူးစက်မှု ကာကွယ်ရေးနဲ့ ထိန်းချုပ်ရေး၊ ရောဂါစောင့်ကြည့်ခြင်းနဲ့ ထိတွေ့သူတွေကို လိုက်လံရှာဖွေတာ၊ ဓာတ်ခွဲခန်း ဝန်ဆောင်မှုတွေ၊ ဘေးကင်းပြီး သိက္ခာရှိသော သင်္ဂြိုဟ်မှုတွေ၊ ကာကွယ်ဆေးထိုးတာနဲ့ လူထုလှုံ့ဆော် လုပ်ငန်းတွေ စုပေါင်းလုပ်ဆောင်မှုအပေါ် မူတည်ပါတယ်။
အီဘိုလာဗိုင်းရပ်စ်ရောဂါ (EVD) အတွက် တရားဝင်လိုင်စင်ရ ကာကွယ်ဆေးတွေနဲ့ ကုထုံးတွေ ရှိပေမဲ့ ဆူဒန်ဗိုင်းရပ်စ်ရောဂါ (SVD) နဲ့ ဘွန်ဒီဗူးဂျိုးဗိုင်းရပ်စ်ရောဂါ (BVD)လို တခြားအီဘိုလာရောဂါတွေ အတွက်တော့ အတည်ပြုထားတဲ့ကာကွယ်ဆေး ကုထုံးမရှိသေးဘဲ အလားအလာရှိတဲ့ ဆေးတွေကို စမ်းသပ်ထုတ်လုပ်နေဆဲ ဖြစ်ပါတယ်။
Source: Reuters/ WHO











