
ဟော်မုဇ်ရေလက်ကြားမှာ သင်္ဘောအသွားအလာတွေ တဖြည်းဖြည်းချင်း ပြန်များလာတာနဲ့အမျှ ရေနံစျေးနှုန်းတွေဟာ စစ်ပွဲမဖြစ်ခင်က အတိုင်းအတာကို ကျဆင်းသွားခဲ့ပါတယ်။
ဇွန် ၂၆ ရက်က ဘရန့် ကမ္ဘာ့ရေနံညွှန်းကိန်းမှာ တစည်ကို ၇၂ ဒသမ ၄၈ ဒေါ်လာအောက် လျော့ကျသွားပေမဲ့လည်း နောက်ပိုင်းမှာတော့ အနည်းငယ် ပြန်တက်လာပါတယ်။
ဒါဟာ ဖေဖော်ဝါရီ ၂၈ ရက်မှာ အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို ပူးပေါင်းမတိုက်ခိုက်ခင် တရက်အလိုမှာ ရှိနေခဲ့တဲ့ စျေးနှုန်းလည်း ဖြစ်ပါတယ်။
အဲဒီတိုက်ခိုက်မှုတွေအပေါ် အီရန်ဘက်က တုံ့ပြန်တဲ့အနေနဲ့ ရေလက်ကြားကို ပိတ်ချလိုက်ချိန်မှာတော့ စွမ်းအင်ဈေးနှုန်းတွေ အတက်အကျ ကြမ်းလာခဲ့ပါတယ်။
အမေရိကန်နဲ့ အီရန်တို့ကြား အပစ်ရပ်သဘောတူညီချက် လက်မှတ်ထိုးပြီးနောက်ပိုင်း ဟော်မုဇ်မှာ သင်္ဘော ၂၈၄ စင်း ဖြတ်သန်းသွားတာမျိုး ရှိလာပေမဲ့လည်း ပဋိပက္ခမဖြစ်ခင်က တနေ့ကို ၁၃၈ ကြိမ် ဖြတ်သန်းမှုနဲ့ ယှဉ်ရင်တော့ အများကြီး နည်းနေပါသေးတယ်။
အဲဒီနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က “ဒီလောက်အထိ ရေနံစျေးတွေ ကျသွားတာတောင် ဆီဆိုင်တွေမှာ ကျသင့်သလောက် စျေးကျသွားတာမျိုး မတွေ့ရသေးဘူး” ဆိုပြီး သတင်းထောက်တွေကို မှတ်ချက်ပေးပါတယ်။
တချိန်တည်းမှာ စီးပွားရေးပညာရှင် ပရာတီဘာ သာကာ ကလည်း “အရှေ့အလယ်ပိုင်းဒေသကို ဈေးကွက်အလိုက် ဆက်ပြီး စောင့်ကြည့်နေကြဆဲ ဖြစ်ပါတယ်။ တကယ်လို့သာ တင်းမာမှုတွေ ထပ်ဖြစ်ခဲ့လာရင် ရေနံဈေးဟာ အလျင်အမြန် ပြန်တက်သွားနိုင်တယ်” လို့ ဆိုပါတယ်။
ဇွန် ၂၅ ရက် အရောက်မှာတော့ “Ever Lovely” အမည်ရ စင်ကာပူအလံလွှင့်ထားတဲ့ ကုန်တင်သင်္ဘောတစီးကို အီရန်က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပါတယ်။
ဒါဟာ ဟော်မုဇ်ရေလက်ကြားကနေ လွတ်လွတ်လပ်လပ် သွားလာလို့ရပြီဆိုတဲ့ ထရမ့်ပ် အစိုးရရဲ့ ပြောဆိုချက်ကို စိန်ခေါ်လိုက်တာ ဖြစ်သလို ဒီလိုမျိုး အရေးပါတဲ့ ရေလမ်းကြောင်းမှာ ကန့်သတ်ထိန်းချုပ်နိုင်စွမ်း ဆက်ရှိသေးတယ်ဆိုတာ ပြသလိုက်တာလည်း ဖြစ်ပါတယ်။
အီရန်ဘက်က သူတို့လက်ချက်ဖြစ်ကြောင်း တာဝန်ခံ ပြောဆိုတာမျိုး မရှိသေးပေမဲ့လည်း သတ်မှတ်ပေးထားတဲ့ ရေကြောင်းလမ်းတွေကို အသုံးပြုမှသာ သင်္ဘောတွေ လုံခြုံစွာနဲ့ ဖြတ်သန်းသွားနိုင်မှာ ဖြစ်တယ်ဆိုပြီး သတိပေးထားပါတယ်။
အဲဒီ နောက်ဆုံးတိုက်ခိုက်မှုကြောင့် ပိတ်မိနေဆဲဖြစ်တဲ့ သင်္ဘောအစင်းရေ ရာနဲ့ချီ၊ သင်္ဘောသား ထောင်နဲ့ချီကို ကုလသမဂ္ဂက ကယ်ထုတ်မဲ့ အစီအစဉ်တွေ ယာယီရပ်ဆိုင်းထားရပါတယ်။










