
ဗြိတိန်နိုင်ငံမှာ ခိုလှုံနေထိုင်နေတဲ့ ဟောင်ကောင်ဒီမိုကရေစီအရေး လှုပ်ရှားသူတွေကို ဟောင်ကောင် အစိုးရနဲ့ တရုတ်နိုင်ငံကိုယ်စား လိုက်လံထောက်လှမ်းခဲ့မှုနဲ့ ဗြိတိန်လူဝင်မှုကြီးကြပ်ရေး အရာရှိဟောင်းတယောက် အပါအဝင် အမျိုးသား ၂ ယောက်ကို ဇွန် ၁၈ ရက်မှာ ထောင်ဒဏ် ချမှတ်လိုက်ပါတယ်။
ဗြိတိန်နယ်စပ်စောင့်တပ်ဖွဲ့မှာ လုပ်ကိုင်ခဲ့တဲ့ အသက် ၆၆ နှစ်အရွယ် ချောင်းဘီး "ဘီလ်" ယွမ်နဲ့ အသက် ၄၁ နှစ်အရွယ် ချီလျောင်ပီတာဝေ တို့ဟာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကနေ ၂၀၂၄ ခုနှစ် မေလအတွင်း ပစ်မှတ်ထားသူတွေကို စောင့်ကြည့်ထောက်လှမ်းခဲ့ပြီး နိုင်ငံခြား ထောက်လှမ်းရေးအဖွဲ့ကို ကူညီပေးခဲ့မှုနဲ့ ပြီးခဲ့တဲ့လက ပြစ်မှုထင်ရှားတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
သူတို့ ၂ ယောက်ဟာ ဗြိတိန်နိုင်ငံမှာ တရုတ်နိုင်ငံအတွက် သူလျှိုလုပ်ပေးမှုနဲ့ ပထမဆုံး ပြစ်မှုထင်ရှားစီရင်ခြင်း ခံရသူတွေ ဖြစ်တယ်လို့ ယူဆရပါတယ်။
ပီတာဝေဟာ သူ့ရဲ့ နယ်စပ်စောင့်တပ်ဖွဲ့ အလုပ်အကိုင်ကို အလွဲသုံးစားလုပ်ပြီး ပစ်မှတ်ထားသူတွေရဲ့ အချက်အလက်တွေကို ရှာဖွေဖို့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ကွန်ပျူတာဒေတာဘေ့စ်ထဲ ဝင်ရောက်ကြည့်ရှုခဲ့မှုနဲ့လည်း ပြစ်မှုထင်ရှား တွေ့ရှိခဲ့ပါသေးတယ်။
တရုတ်နဲ့ ဗြိတိန်နိုင်ငံသား ၂ မျိုးစလုံး ခံယူထားတဲ့ အဲဒီအမျိုးသား ၂ ယောက်က စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ကြပြီး လန်ဒန်မြို့ရှိ တရုတ်သံရုံးကတော့ ဒီအမှုဟာ "ဥပဒေကို အလွဲသုံးစားလုပ်ထားတဲ့ နိုင်ငံရေးလှုပ်ရှားမှု တခုသာ" ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
တရားသူကြီး ဘော့ဘီချီးမားဂရပ်ဘ်က ယွမ်ကို ထောင်ဒဏ် ၈ နှစ် ချမှတ်ခဲ့ပြီး ဝေကိုတော့ ထောင်ဒဏ် ၁၀ နှစ် အသီးသီး ချမှတ်ခဲ့ပါတယ်။
Source: Reuters










