
စစ်မှုထမ်းအတင်းအကျပ် စုဆောင်းတဲ့အခါ စစ်အာဏာရှင်တပ် လက်အောက်ခံအဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေဟာ နည်းလမ်းပေါင်းစုံကို အသုံးပြုနေကြတာကြောင့် လူငယ်တွေအနေနဲ့ သတိထားရှောင်နိုင်မဲ့ အခြေအနေတွေကို သိထားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
စစ်မှုထမ်းအဖြစ် အတင်းအကျပ်စုဆောင်းရာမှာ အိမ်တိုင်ရာရောက် ဖမ်းဆီးတာ၊ ခရီးသွားလာ သူတွေကို စစ်ဆေးဖမ်းဆီးတာ၊ အလုပ်အကိုင်ပေးမယ်ဆိုပြီး လိမ်လည်ခေါ်ဆောင်တာနဲ့ အသက်အရွယ်မရွေး ဖမ်းဆီးစု ဆောင်းတာတွေရှိနေပါတယ်။
ဒါ့ပြင် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့၊ ရဲ၊ အရန်မီးသတ်နဲ့ စစ်တပ်တို့ ပူးပေါင်းပါဝင်ပြီး လူငယ်တွေကို ဖမ်းဆီးချုပ်နှောင်တာတွေလည်း ရှိနေတယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
ဒါ့အပြင် စစ်မှုထမ်းလူဦးရေ ပြည့်မီရေးအတွက် အဆင့်ဆင့် ဖိအားပေးစုဆောင်းတာနဲ့ ဖမ်းဆီးထား သူတွေကို ပြန်လည်ရောင်းချတဲ့ “စစ်မှုထမ်းလူမှောင်ခို” ပုံစံတွေပါ ပေါ်ပေါက်လာနေတယ်လို့ သိရပါတယ်။
စစ်မှုထမ်းအဖြစ် အတင်းအကျပ်စုဆောင်းရာမှာ အသုံးပြုနေတဲ့ နည်းလမ်းများ
-လမ်းပေါ်မှာ စစ်ဆေးဖမ်းဆီးပြီး စုဆောင်းခြင်း
-နေအိမ်တွေထဲအထိ ဝင်ရောက်ဖမ်းဆီးခြင်း
-အလုပ်အကိုင်ပေးမယ်ဆိုပြီး လိမ်လည်ခေါ်ဆောင်ခြင်း
-ညပိုင်းအလုပ်သွားအလုပ်ပြန်သူတွေကို ပစ်မှတ်ထားခြင်း
-ခရီးသွားလာသူတွေကို စစ်ဆေးဖမ်းဆီးခြင်း
-ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့၊ ရဲနဲ့ အရန်မီးသတ်အပါအဝင် အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခြင်း
-ရိုက်နှက်ခြိမ်းခြောက်ပြီး စုဆောင်းခြင်း
-သတ်မှတ်အသက်အရွယ်ကျော်လွန်သူတွေကိုပါ အတင်းအကျပ် စုဆောင်းခြင်း
-လူအင်အားမပြည့်မီရင် အောက်ခြေအဆင့်အထိ ဖိအားပေးခြင်း
-ဖမ်းဆီးချုပ်နှောင်ပြီး ပြန်လည်လွှဲပြောင်း/ရောင်းစားတဲ့ စစ်မှုထမ်းလူမှောင်ခိုပုံစံ
ဒီလို စုဆောင်းမှုတွေမှာ ဥပဒေမဲ့နည်းလမ်းမျိုးစုံ အသုံးပြုလာတာကြောင့် လူငယ်တွေအပေါ် စစ်မှုထမ်းအန္တရာယ်နဲ့ ဖမ်းဆီး ခံရနိုင်တဲ့ အခြေအနေတွေ ပိုမိုဆိုးရွားလာနေတယ်လို့ MDSI က တာဝန်ရှိသူက သတိပေးပြောပါတယ်၊
MDS စစ်ဘက်ရေးရာတာဝန်ခံ ကိုနောင်ရိုးက “ပြီးခဲ့တဲ့လပိုင်းတွေ အတွင်းဆိုရင် ရန်ကုန် တညင်းကုန်း စုဆောင်းရေးတပ်မှာ အများအပြား ဖမ်းဆီးစုဆောင်းထားတယ်။ ဖမ်းဆီး စုဆောင်းထားတဲ့ လူငယ်တွေထဲက ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားရင်းနဲ့ အသက်ဆုံးရှုံးတဲ့ လူငယ်တချို့တောင်ရှိတယ်။ နောက်ထွက်ပြေးလွတ်မြောက်မှုတွေလည်း ရှိနေတယ်လို့ အစ်ကိုတို့ ကြားသိရမျိုးတွေ ရှိတယ်ပေါ့နော်။ သူတို့ အရေအတွက် ပြည့်မီဖို့ကိုပဲ ဦးတည်ပြီးတော့ ဥပဒေမဲ့ ပုံစံမျိုးစုံနည်းလမ်း ပေါင်းစုံနဲ့ကို ဖော်ဆောင် လုပ်ဆောင်နေတာကို တွေ့ရှိရတယ်။ ဘယ်လောက် ထိရှိလဲဆိုတော့ ဒီ စက်သုံးဆီဆိုင်တွေမှာ လုပ်နေတဲ့ လူတွေသွားအပြန်တွေ အဲဒီဟာတွေမှာ တောင်မှ ဝင်ရောက် ဖမ်းဆီးတာမျိုးတွေ အခုဆို ခရီးသွား ကုန်ကားယာဉ်နောက်လိုက်တွေ ဒါမျိုးတွေကိုပါ ဖမ်းဆီးတာမျိုးတွေအထိ သူတို့လုပ်ဆောင်လာတာ တွေ့ရတယ်။ တချို့ ကျေးရွာတွေမှာစစ်ကြောင်းထိုးတယ်။ ပြီးတော့ လူငယ်တွေကို PDF ဆိုပြီးတော့ တံဆိပ်ကပ်တယ်။ ထောင်ထဲဝင်မလား စစ်မှုထမ်းထမ်းဆောင်မလား ဆိုပြီးတော့ ခြိမ်းခြောက် ဖိအားပေး အကျပ်ကိုင် ပြီးတော့မှ စုဆောင်းတာ မျိုးတွေလည်း ကျယ်ကျယ်ပြန့်ပြန့် တွေ့နေရတယ်ပေါ့နော်”လို့ ပြောပါတယ်။
မကြာသေးခင်က ရန်ကုန်က ရပ်ကွက်တခုမှာ ယာဉ်မောင်းလိုင်စင် စစ်ဆေးရင်း ခြိမ်းခြောက်ပြောဆိုတာ စစ်မှုထမ်းဖို့ ခေါ်ဆောင်ခံခဲ့ရတဲ့လူငယ်တွေလည်း ရှိနေကြောင်း ရပ်ကွက်နေသူ တယောက်က ပြောပါတယ်၊
ရန်ကုန်မြို့ခံတယောက်က “တခြားရပ်ကွက်တွေမှာလည်း အဲဒီလိုကလေးတွေကို ခေါ်သွားပြီး မိခင်တွေကို ပိုက်ဆံပေးမယ် ဘာညာဆိုပြီး ဆိုင်ကယ်ကယ်ရီဆွဲတာ သူ့ကို ဖမ်းတဲ့ အချိန်မှာ သူက ဆိုင်ကယ်လိုင်စင်မဲ့ အဲဒီလို ဖမ်းတော့လေ သူ့ကို ထောင်ချမယ်ပြောတော့ သူက ထောင်တော့ မကျခံဘူး ကျနော် စစ်မှုထမ်းမယ်လို့ သူက သူတို့ကလည်း မေးတာလေ။ မင်း ထောင်ကျခံမလား၊ စစ်မှုထမ်းမလား၊ အဲဒီလိုမေးတာ၊ စစ်မှုထမ်းမယ်လို့ ပြောတော့ သူ အမေကို သိန်း ၃၀ ထောက်ပံ့မယ်။ မင်းအေးဆေးသွားပေါ့ အဲဒီလို ပြောတာတဲ့၊။ အဲဒီတော့ကောင်လေးကလည်း သူ့အမေဆီဖုန်းဆက်ပြီး အမေ သိန်း ၃၀ လာပေးလိမ့်မယ် ကျနော်တော့ စစ်မှုသွားထမ်းတော့မယ် သိန်း ၃၀ ယူထားပေါ့နော် သူ့အမေတို့ကို လှမ်းပြောတယ်။ အခုက စစ်မှုထမ်းပါသွားပြီ ဒါပေမဲ့ တပြားမှ သူ့မိဘတွေဆီ ပိုက်ဆံ မရောက်လာဘူး”လို့ ပြောပါတယ်။
စစ်မှုထမ်းအဖြစ်အဓမ္မစုဆောင်းခံရနိုင်တဲ့အန္တရာယ်ကို ကြိုတင်ရှောင်ရှားနိုင်ဖို့ အကြံပြုချက်များ
-သွားလာနေထိုင်တဲ့အခါ လုံခြုံရေးသတိထားရန်
-အရေးပေါ်ဆက်သွယ်ရေးစနစ် ကြိုတင်ထားရန်
-တဦးတည်း သွားလာခြင်းကို ရှောင်ရန်
-ညပိုင်းနဲ့ မနက်အစောပိုင်း သွားလာမှုတွေမှာ ပိုသတိထားရန်
-အလုပ်ခေါ်စာအတုတွေကို သတိထားရန်
-ကျေးလက်ဒေသမှာ ပိုမိုသတိထားရန်
-မိသားစုနဲ့ လူငယ်တွေ အန္တရာယ်အခြေအနေကို ကြိုတင်သိရှိထားရန်
စစ်မှုထမ်းအဖြစ် အတင်းအဓမ္မစုဆောင်းခံရနိုင်တဲ့ အန္တရာယ်ကနေ ရှောင်ရှားနိုင်ဖို့ မိမိနေထိုင်ရာနဲ့ သွားလာရာပတ်ဝန်းကျင်မှာ ဖြစ်ပေါ်နေတဲ့ ဖမ်းဆီးစုဆောင်းမှုအခြေအနေတွေကို အမြဲသတိထား စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။
အလုပ်သွားအလုပ်ပြန်နဲ့ ခရီးသွားလာတဲ့အခါ တယောက်တည်းမသွားဘဲ ယုံကြည်ရသူတွေနဲ့ အတူသွားလာပြီး ညပိုင်းနဲ့မနက်အစောပိုင်းတွေမှာ ပိုမိုသတိထားဖို့လိုပါတယ်။
ဒါ့အပြင် အချက်အလက်မခိုင်လုံတဲ့ အလုပ်ခေါ်စာနဲ့ ဖိတ်ခေါ်မှုတွေကိုလည်း သေချာစိစစ်ပြီး ရှောင်ရှားဖို့လိုသလို၊ ကျေးလက်ဒေသတွေမှာလည်း ဒေသတွင်း ဖမ်းဆီးစုဆောင်းမှုသတင်းတွေကို စောင့်ကြည့်ဖို့ လိုအပ်ပြီး တစုံတရာအရေးပေါ်အခြေအနေ ကြုံလာရင် ချက်ချင်းဆက်သွယ်နိုင်ဖို့ မိသားစုနဲ့ ယုံကြည်ရတဲ့သူတွေရဲ့ ဆက်သွယ်ရေးအချက်အလက်တွေကို ကြိုတင်စီစဉ်ထားဖို့ အရေးကြီးကြောင်းကိုလည်း MDSI က သတိပေးထားပါတယ်၊
ဝေဝေ











