
ထိုင်းနိုင်ငံ၊ ပင်လယ်ကမ်းခြေ အပန်းဖြေမြို့ဖြစ်တဲ့ ပတ္တယားမြို့မှာ အသက် ၁၇ နှစ် အရွယ် ထိုင်းမိန်းကလေးတယောက်ရဲ့ ရုပ်အလောင်းကို ခရီးဆောင်အိတ်တလုံးထဲမှာ တွေ့ရှိခဲ့ရတဲ့ လူသတ်မှုနဲ့ပတ်သက်ပြီး သံသယရှိသူ အသက် ၄၀ ကျော်အရွယ် ဩစတြေးလျ အမျိုးသားတယောက်ကို ဇွန် ၂၇ ရက်က သုဝဏ္ဏဘူမိလေဆိပ်မှာ ဖမ်းဆီးလိုက်ပါတယ်။
ဆိုင်မွန်ပီတာကာမန် အမည်ရှိတဲ့ အမျိုးသားကို လူသတ်မှု၊ အလောင်းကို ဝှက်ဖျောက်မှု၊ အလောင်းကို ရွှေ့ပြောင်းမှု ဒါမှမဟုတ် ဖျက်ဆီးမှု၊ အသက် ၁၅ နှစ်နဲ့ ၁၈ နှစ်ကြား အရွယ်မရောက်သေးသူကို လိင်ပိုင်းဆိုင်ရာ ရည်ရွယ်ချက်အတွက် ခေါ်ဆောင်မှု စတဲ့ ပြစ်မှု ၄ ခုနဲ့ တရားစွဲဆိုထားပါတယ်။
ရဲတပ်ဖွဲ့ဟာ ဇွန် ၂၆ ရက် မွန်းလွဲပိုင်းမှာ အသက် ၁၉ နှစ်အရွယ် အမျိုးသမီးတယောက်ဆီကနေ သူ့သူငယ်ချင်းဟာ ပြီးခဲ့တဲ့ရက်က နိုင်ငံခြားသားတယောက်နဲ့အတူ ကမ်းခြေတလျှောက် လမ်းလျှောက်သွားပြီးနောက်ပိုင်း ပျောက်ဆုံးသွားတယ်ဆိုတဲ့ တိုင်ကြားချက်ကို ရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ရဲတပ်ဖွဲ့က လုံခြုံရေးကင်မရာ (CCTV) မှတ်တမ်းတွေကို ပြန်စစ်ဆေးခဲ့ရာမှာ ကာမန်ဟာ အဲဒီမိန်းကလေးနဲ့အတူ ကွန်ဒိုမီနီယံ တိုက်ခန်းတခုထဲကို ဝင်သွားခဲ့ပြီး နာရီအနည်းငယ်အကြာမှာတော့ ခရီးဆောင်အိတ်တလုံးနဲ့အတူ ပြန်ထွက်လာတာကို တွေ့ရှိခဲ့ရပါတယ်။
သူဟာ အဲဒီခရီးဆောင်အိတ်ကို မော်တော်ဆိုင်ကယ်ပေါ် တင်ပြီး ရထားလမ်းဘေးက မြက်ခင်းပြင်တခုဆီ မောင်းနှင်သွားခဲ့တယ်လို့ ရဲတပ်ဖွဲ့ရဲ့ တရားဝင် ဖေ့စ်ဘွတ်ခ်မှာ ဖော်ပြပါတယ်။
အဲဒီနောက်မှာတော့ ရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ခဲ့ပြီး ဩစတြေးလျကိုပြန်မဲ့ လေယာဉ်ပေါ်တက်ဖို့ ပြင်ဆင်နေတဲ့ ကာမန်ကို လေဆိပ်မှာပဲ ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။
ကာမန်ရဲ့ လည်ပင်းနဲ့ ခန္ဓာကိုယ်မှာ ရုန်းရင်းဆန်ခတ်ဖြစ်ထားတဲ့ လက်သည်းဆိတ်ရာ ဒဏ်ရာတွေ ရှိနေပါတယ်။ ကာမန်ကတော့ ပင့်ကူကိုက်တာလို့ ဆင်ခြေပေးထားပါတယ်။
သံသယရှိသူက လူသတ်မှုကို ငြင်းဆိုထားပေမဲ့ ရဲတပ်ဖွဲ့က သူ့ကို တရားခံလို့ ယူဆပြီး လူသတ်မှု၊ အလောင်းဖျောက်မှု၊ သက်ငယ်မုဒိမ်းမှုတွေနဲ့ တရားစွဲထားပါတယ်။
ဩစတြေးလျ နိုင်ငံခြားရေးနဲ့ ကုန်သွယ်ရေးဝန်ကြီးဌာနကတော့ သူတို့အနေနဲ့ လိုအပ်တဲ့ ကောင်စစ်ဆိုင်ရာ ကူညီမှုတွေ ပေးအပ်နေပေမဲ့ နောက်ထပ် မှတ်ချက်ပေးစရာ မရှိဘူးလို့ ပြောပါတယ်။
ထိုင်းနိုင်ငံမှာ မကြာသေးခင်က နိုင်ငံခြားသားတွေ ပါဝင်ပတ်သက်နေတဲ့ မူးယစ်ဆေးဝါးမှုတွေ၊ လူမှောင်ခိုကူးမှုတွေနဲ့ တရားမဝင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်မှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက်၊ ထိုင်းနိုင်ငံက ကမ္ဘာလှည့်ခရီးသွားတွေအတွက် ဗီဇာမပါဘဲ နေထိုင်ခွင့်သက်တမ်းကို သိသိသာသာ လျှော့ချလိုက်ပြီး ရက်သတ္တပတ်အနည်းငယ်အကြာမှာပဲ အခုဖမ်းဆီးမှု ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
Source: Reuters










