
နေပြည်တော်မှာ အကျဉ်းကျခံနေရတဲ့ လူထုခေါင်းဆောင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သူ့ရဲ့ ရှေ့နေအဖွဲ့က ဒီသတင်းပတ်ကုန် လာမဲ့ တနင်္ဂနွေနေ့မှာ သွားရောက် တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ ရိုက်တာသတင်းမှာဖော်ပြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို စစ်အာဏာရှင်က နေပြည်တော်ရှိ နေအိမ်တအိမ်မှာ ပြောင်းရွှေ့ ချုပ်နှောင်ထားလိုက်ပြီးနောက် အခုလို သူ့ရဲ့ရှေ့နေအဖွဲ့နဲ့ တွေ့ဆုံဖို့ဖြစ်လာတာလို့ ဥပဒေရေးရာ ကိုယ်စားလှယ်ယောက်ရဲ့ ပြောဆိုချက်ကိုကိုးကားပြီး သတင်းမှာ ဖော်ပြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေကို ဆွေးနွေးဖို့နဲ့ လိုအပ်တဲ့ ပစ္စည်းတချို့ပေးပို့ဖို့ တနင်္ဂနွေနေ့မှာ တွေ့ဆုံဖို့ စီစဉ်ထားတာလို့ သိရပါတယ်။
ရှေ့နေကိုယ်စားလှယ်တယောက်က "အခြေအနေတွေက ပြောင်းလဲသွားပါပြီ။ ဒါဟာ သာမန် ထောင်ဝင်စာ တွေ့တာမျိုး မဟုတ်တော့ဘဲ ဥပဒေအဖွဲ့က သူ့ဆီသွားပြီး ကိစ္စရပ်တွေကို ဆွေးနွေးမဲ့ တွေ့ဆုံမှုမျိုး ဖြစ်လာမယ်လို့ ထင်ပါတယ်"လို့ ပြောပါတယ်။
"ဒေါ်အောင်ဆန်းစုကြည် လောလောဆယ် နေပြည်တော်မှာပဲ ရှိနေပါသေးတယ်"လို့ သူ့ရဲ့ ဥပဒေရေးရာအဖွဲ့ဝင်က ပြောကြားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို မနေ့က နေရာ ပြောင်းရွှေ့ ခဲ့ကြောင်း အတည်ပြုပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို သတ်မှတ်ထားတဲ့နေရာတခုမှာ ပြောင်းရွှေ့ထားမယ်လို့ စစ်အာဏာရှင် လက်အောက်ခံ MRTV ရုပ်သံမှာ မနေ့ညက ကြေညာခဲ့သလို ဒီကနေ့ထုတ် သတင်းစာတွေမှာလည်း ဖော်ပြခဲ့ပေမဲ့ ဘယ်နေရာမှာ ရွှေ့ထားတယ်ဆိုတာကိုတော့ သတင်းမှာ ဖော်ပြခြင်း မရှိပါဘူး။
ယူနီဖောင်းဝတ် ၂ ယောက်နဲ့အတူ သစ်သားထိုင်ခုံပေါ်မှာ လက်သီးဆုပ်ပြီး ထိုင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံကိုလည်း ထုတ်လွှင့် ပြသခဲ့ပြီး ဒီဓာတ်ပုံဟာ ဘယ်အချိန်က ရိုက်ထားတဲ့ပုံလဲဆိုတာကိုတော့ သီးခြား အတည်ပြုနိုင်ခြင်း မရှိပါဘူး။
၂၀၂၁ ခုနစ်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှု၊ ရွေးကောက်ပွဲအမှု၊ နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေ ချိုးဖောက်မှုအပါအဝင် တဖက်သတ် စွဲချက်တွေ နဲ့ ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခဲ့ပါတယ်။
နောက်ပိုင်းမှာ ၂၇ နှစ်သို့ လျှော့ချခဲ့ပြီး၊ သမ္မတ ဦးဝင်းမြင့် လွတ်မြောက်လာတဲ့ ဧပြီ ၁၇ ရက် မြန်မာနှစ်သစ်ကူး လွတ်ငြိမ်းခွင့်မှာ ပြစ်ဒဏ် ၆ ပုံ ၁ ပုံ လျှော့ပေါ့ပေးခဲ့သလို ဧပြီ ၃၀ ရက် ကဆုန်လပြည့်နေ့မှာ နောက်ထပ် ၆ ပုံ ၁ ပုံ ပြစ်ဒဏ်ကို ထပ်မံလျှော့ပေါ့ပေးခဲ့တာမှာ ထောင်ဒဏ် ၁၈ နှစ်နဲ့ ၉ လလောက် ကျန်ရှိနေသေးတာပါ။
ဒေါ်အောင်ဆန်းစုကြည်ဟာ ထောင်ဒဏ်ကျခံရပြီးကတည်းက သူ့ရဲ့ရှေ့နေတွေအပါအဝင် ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် ဖြတ်တောက်ခံထားရတာဖြစ်ပြီး အကျဉ်းသားအခွင့်အရေးဖြစ်တဲ့ မိသားစုနဲ့လည်း ထောင်ဝင်စာတွေ့ခွင့် မရတဲ့အခြေအနေဖြစ်နေခဲ့တာပါ။
ဒါကြောင့် အသက် ၈၀ ကျော်အရွယ် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင် ကျန်းမာနေကြောင်း သက်သေပြဖို့ စစ်အာဏာရှင်ကို တောင်းဆိုတဲ့ “Proof of Life” လှုပ်ရှားမှုကို သူ့ရဲ့သားငယ် ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက ဦးဆောင်ပြီး ကမ္ဘာတဝန်းမှာ ပြုလုပ်နေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ မတရားဖမ်းဆီးခံနေရသူတွေအားလုံးကို ခြွင်းချက်မရှိ ချက်ချင်း ပြန်လွှတ် ပေးဖို့ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂနဲ့ အာဆီယံအပါအဝင် နိုင်ငံတကာကလည်း လတ်တလော တောင်းဆိုထားပါတယ်။
Source: Reuters










