
စစ်အာဏာရှင်လက်အောက်ခံတပ်ရဲ့ လေကြောင်းနဲ့ မြေပြင်တိုက်ခိုက်မှုတွေကြောင့် စက်တင်ဘာလ ၁ လတာအတွင်း မြန်မာပြည်တ၀န်းမှာ အမျိုးသမီး ၅၈ ယောက် သေဆုံးခဲ့တယ်လို့ မြန်မာအမျိုးသမီးသမဂ္ဂ (BWU) က အောက်တိုဘာ ၈ ရက် ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
သေဆုံးသူတွေထဲမှာ ၄၈ ယောက်က လေကြောင်းတိုက်ခိုက်မှုကြောင့် အများဆုံး သေဆုံးခဲ့ပြီး လက်နက်ကြီးတိုက်ခိုက်မှာ ၇ ယောက်၊ ကျည်ထိမှန်တာ ၁ ယောက်၊ မတရားသတ်ဖြတ်ခံရတာမှာ ၁ ယောက်နဲ့ နောက် ၁ ယောက်က မြေမြှုပ်မိုင်းကြောင့် သေဆုံးခဲ့တာပါ။
သေဆုံးသူတွေထဲမှာ ၁၈ နှစ်အောက် အမျိုးသမီး ၆ ယောက်နဲ့ မသန်စွမ်းအမျိုးသမီး ၁ ယောက် ပါ၀င်တယ်လို့ မြန်မာအမျိုးသမီးသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်အာဏာရှင်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် အမျိုးသမီး ၆၅ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပြီး ဒီထဲမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အယောက် ၆၀၊ လက်နက်ကြီးတိုက်ခိုက်မှုကြောင့် ၃ ယောက်နဲ့ ၂ ယောက်က မြေမြှုပ်မိုင်းကြောင့် ဖြစ်ပါတယ်။
တိုင်းနဲ့ ပြည်နယ်အလိုက် ကြည့်မယ်ဆိုရင် အမျိုးသမီးသေဆုံးမှုအများဆုံးက ရခိုင်ပြည်နယ် ဖြစ်ပြီး ၁၇ ယောက် သေဆုံးခဲ့ပါတယ်။ မကွေးတိုင်းက ၁၃ ယောက်နဲ့ ဒုတိယ၊ စစ်ကိုင်းတိုင်းက ၁၁ ယောက်နဲ့ တတိယအများဆုံး ဖြစ်ပါတယ်။ မန္တလေးတိုင်းမှာ ၇ ယောက်၊ ကရင်နီပြည်နယ်မှာ ၅ ယောက် အစဉ်လိုက် ရပ်တည်နေပြီး တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ ၁ ယောက်စီ သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မြန်မာအမျိုးသမီးသမဂ္ဂ (BWU) ရဲ့ စာရင်းအချက်အလက်တွေဟာ ခိုင်မာတဲ့ သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေကို အခြေခံ စောင့်ကြည့်လေ့လာ ကောက်ယူထားတာ ဖြစ်ပါတယ်။ ဒေသတွင်း သတင်းအချက်အလက် ရယူရခက်ခဲမှုနဲ့ အကန့်အသတ်တွေကြောင့် မြေပြင်မှာ ဒီထက်မက ပိုမိုများပြားနိုင်တယ်လို့လည်း သိရပါတယ်။
Source: BWU











