
ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်က ကျောက်မဲတိုးဂိတ်မှာ ဩဂုတ် ၁၁ ရက် ညနေ ၅ နာရီခွဲကျော်လောက်က ကြက်စာတင်လာတဲ့ ကုန်ကားတစီး မီးလောင်ပြီး တိုးဂိတ် အဆောက်အအုံကိုပါ မီးကူးစက်လောင်ကျွမ်းသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
သီပေါဘက်ကနေ ကျောက်မဲဘက်ကိုလာတဲ့ ကြက်စာတင်ကားဟာ တိုးဂိတ်မရောက်ခင်ကတည်းက အပူလွန်ပြီး ဝါယာရှော့ဖြစ်ကာ မီးစလောင်တာလို့ ဒေသခံ အမျိုးသမီးတယောက်က ပြောပါတယ်။
“လူထိခိုက်တာတော့ မရှိဘူး။ ကားက အတက်ကတည်းက လောင်လာတာ။ တိုးဂိတ်ရောက်မှ အစောင့်တွေက အော်ပြီး ပြေးမှ ကားဆရာလည်း မီးလောင်နေတာ သိတာ။ ကားသမားက မီးလောင်နေတာ မသိဘဲ မောင်းလာတာ။”
ကားမောင်းလာတဲ့သူက ကားမီးလောင်နေတယ်ဆိုတာ မသိဘဲ ဆက်မောင်းလာပြီး တိုးဂိတ်ရောက်တဲ့အချိန် ယာဉ်ဖြတ်သန်းခပေးဖို့ အရှိန်လျှော့ပြီး ရပ်လိုက်ချိန်မှာ ကားပေါ်က မီးတောက်တွေ ထွက်လာတာလို့ ဒေသခံက ပြောပါတယ်။ အဲဒီနောက် ကားကနေ တိုးဂိတ်အဆောက်အအုံဘက်ကို မီးကူးသွားတာဖြစ်တယ်လို့ ဆိုပါတယ်။
မီးလောင်မှုဖြစ်တာကြောင့် ကျောက်မဲခရိုင် မီးသတ်စခန်းက အုပ်ချုပ်မှုယာဉ်တစီး၊ မီးငြှိမ်းသတ်ယာဉ် ၂ စီးနဲ့ မီးသတ်ရေသယ်ယာဉ်တစီးတို့ ထွက်ခွာပြီး မီးငြှိမ်းသတ်ခဲ့ကာ ညနေ ၆ နာရီ မိနစ် ၂၀ လောက်မှာ မီးငြိမ်းသွားတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
လက်ရှိ သိရသလောက် မီးလောင်မှုကြောင့် လူထိခိုက်သေဆုံးတာ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ပျက်စီးဆုံးရှုံးတန်ဖိုး ဘယ်လောက်ရှိတယ် ဆိုတာကိုတော့ အသေးစိတ် မသိရသေးပါဘူး။
Photo: ThPThL











