
အီရန်နဲ့ အမေရိကန်တို့အကြား ၃ လကြာနေပြီဖြစ်တဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ ဆွေးနွေးနေကြချိန်မှာပဲ အီရန်လေပိုင်နက်ထဲ ဝင်ရောက်လာတဲ့ အမေရိကန်ရဲ့ MQ-9 ဒရုန်းယာဉ်တစီးကို ပစ်ချလိုက်တယ်လို့ အီရန် အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က မေ ၂၆ ရက်မှာ ထုတ်ပြန်ပါတယ်။
အီရန်နိုင်ငံပိုင် ရုပ်သံလွှင့်ဌာန (IRIB) ကနေ ဖတ်ကြားသွားတဲ့ IRGC ရဲ့ ထုတ်ပြန်ချက်ထဲမှာ MQ-9 ဒရုန်းကို ပစ်ချခဲ့ရုံတင်မကဘဲ တခြားကျူးကျော်ဝင်ရောက်လာတဲ့ RQ-4 ဒရုန်းတစီးနဲ့ F-35 တိုက်လေယာဉ်တစီး တို့ကိုပါ မောင်းထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အမေရိကန်စစ်တပ်အနေနဲ့ အပစ်အခတ်ရပ်စဲရေး စည်းကမ်းချက်တွေကို ထပ်မံချိုးဖောက်လာရင် ပြန်လည်တုံ့ပြန်သွားမယ်လို့လည်း သတိပေးထားပါတယ်။
တချိန်တည်းမှာပဲ အီရန်အဓိပတိခေါင်းဆောင် အယာတိုလာ မို့ဂျ်တာဘာ ခါမေနီ ကလည်း သူ့ရဲ့ တယ်လီဂရမ်ချန်နယ်မှာ ပင်လယ်ကွေ့ဒေသက အင်အားကြီးနိုင်ငံတွေဟာ အမေရိကန် စစ်အခြေစိုက်စခန်းတွေအတွက် ဒိုင်းလွှားတခု ဖြစ်ပေးတော့မှာ မဟုတ်သလို အမေရိကန် အနေနဲ့လည်း ဒေသတွင်းမှာ ရမ်းကားဖျက်ဆီးမှုတွေ လုပ်ဖို့နဲ့ စစ်စခန်းတွေဆောက်ဖို့ ဒီဒေသမှာ လုံခြုံစိတ်ချရတဲ့ ခိုလှုံရာနေရာ ရှိတော့မှာမဟုတ်ဘူးလို့ ပြင်းပြင်းထန်ထန် သတိပေးလိုက်ပါတယ်။
အလားတူပဲ “ယိုင်နဲ့နေတဲ့ ဇီယွန်ဝါဒီ (အစ္စရေး) စနစ်” ဟာလည်း မကောင်းဆိုးဝါးဆန်တဲ့ အဆုံးသတ်နဲ့ ပိုနီးကပ်လာပြီဖြစ်ပြီး အာဇာနည်ခေါင်းဆောင်ကြီးရဲ့ မိန့်ခွန်းအတိုင်း နောက်ထပ် ၂၅ နှစ်ထက် ကျော်လွန်ပြီး ရေရှည်တည်ရှိနိုင်တော့မှာ မဟုတ်ဘူးလို့လည်း ပြောသွားပါတယ်။
အခုလို တင်းမာမှုတွေ ဖြစ်ပွားနေတာဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီအိုက အီရန်နဲ့ သဘောတူညီချက်ရဖို့ ဆွေးနွေးရတာ “ရက်အနည်းငယ် ကြာနိုင်တယ်” လို့ ပြောကြားခဲ့ပြီးနောက်မှာ ပေါ်ပေါက်လာတာပါ။
အမေရိကန်ဘက်က အီရန်တောင်ပိုင်းကို သူတို့အခေါ် ခံစစ်အသွင်နဲ့ တိုက်ခိုက်မှုတွေ လုပ်ခဲ့ပြီးနောက်မှာ မကြာခင် စစ်ပွဲပြီးဆုံးတော့မယ် ဆိုတဲ့ မျှော်လင့်ချက်တွေဟာ မှေးမှိန်သွားခဲ့ရပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကတော့ ဖြစ်နိုင်ခြေရှိတဲ့ ၁၄ ချက်ပါ နားလည်မှုစာချွန်လွှာက အကြောင်းအရာ တော်တော်များများကို သဘောတူညီချက် ရရှိထားပြီး ဖြစ်ပေမဲ့ ဒါဟာ စစ်ပွဲအဆုံးသတ်ဖို့ သဘောတူညီချက် ချက်ချင်းရမယ်လို့ မဆိုလိုကြောင်း အစောပိုင်းမှာ ပြောကြားထားပါတယ်။
Source: Reuters











