DVB Logo
Home
နိုင်ငံတကာ
ယူကရိန်း စျေးဝယ်စင်တာကို ရုရှားဒရုန်းတိုက်ခိုက်မှုကြောင့် ၁၅ ဦး သေဆုံး
DVB
·
August 22, 2026
Photo:Reuters
Photo:Reuters
Donate to DVB

ယူကရိန်းနိုင်ငံ အလယ်ပိုင်းရှိ သမ္မတ ဇလန်းစကီးရဲ့ ဇာတိမြို့ဖြစ်တဲ့ ကရီဗီရီးမြို့ရှိ စျေးဝယ်စင်တာ တခုကို ဩဂုတ် ၂၁ ရက်မှာ ရုရှားက ၂ ကြိမ်ဆက်တိုက် ဒရုန်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၁၅ ယောက် သေဆုံးပြီး ၁၃၀ ထက်မနည်း ဒဏ်ရာရသွားပါတယ်။

ရုရှားတိုက်ခိုက်ရေးဒရုန်းတွေဟာ ပထမအကြိမ်မှာ စျေးဝယ်စင်တာကို ပစ်မှတ်ထား ပစ်ခတ်ခဲ့တာ ဖြစ်ပြီး နာရီဝက်အကြာ ဒုတိယအကြိမ် တိုက်ခိုက်မှုဟာ ကူညီကယ်ဆယ်ရေးအဖွဲ့တွေကို တမင် ရည်ရွယ်ကာ တိုက်ခိုက်ခဲ့တာပါ။

ဒီတိုက်ခိုက်မှုကို "ယုတ်မာစက်ဆုတ်ဖွယ်ကောင်းတဲ့ အရိုင်းအစိုင်းလုပ်ရပ်၊ အကြမ်းဖက်မှု သက်သက်ပဲ"လို့ သမ္မတ ဇလန်းစကီးက ရှုတ်ချခဲ့ပြီး "ရုရှားတွေဟာ တိရစ္ဆာန်တွေပဲ၊ ကျနော်တို့ဘက်ကလည်း ကျိန်းသေပေါက် ပြန်လည်တုံ့ပြန်သွားမယ်" လို့ သတိပေးလိုက်သလို၊ ရုရှားကို အရေးယူနိုင်ဖို့ ကမ္ဘာကြီးကို တောင်းဆိုထားပါတယ်။

ဒဏ်ရာရသူတွေထဲမှာ ကလေး ၂၂ ယောက် ပါဝင်နေတယ်လို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး အိုလက်ဇန်းဒါးဟန်းဇာက ပြောကြားလိုက်ပြီး ဒဏ်ရာရသူတွေထဲမှာ ကလေး ၅ ယောက် အပါအဝင် စုစုပေါင်း ၂၉ ယောက်ဟာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတာကြောင့် ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။

အခင်းဖြစ်နေရာက ရဲတပ်ဖွဲ့နဲ့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ ရုပ်သံနဲ့ ဓာတ်ပုံမှတ်တမ်းတွေ ထဲမှာ မီးသတ်သမားတွေ မီးငြှိမ်းသတ်နေကြတာကို မြင်တွေ့ရပြီး ကယ်ဆယ်ရေးအဖွဲ့တွေကလည်း ပျက်စီးသွားတဲ့ စျေးဝယ်စင်တာအတွင်းပိုင်းအထိ ဝင်ရောက်ရှာဖွေတာ၊ စိတ်ထိခိုက်နေတဲ့ လွတ်မြောက်သူတွေကို နှစ်သိမ့်ပေးတာနဲ့ အလောင်းတွေကို ထုတ်ယူတာတွေ ပြုလုပ်နေကြ ပါတယ်။

ဒီတိုက်ခိုက်မှုဟာ နောက်ပိုင်းလတွေအတွင်း အဲဒီမြို့မှာ သေပျောက်မှု အများဆုံး တိုက်ခိုက်မှုတခု ဖြစ်ပါတယ်။

စျေးဝယ်စင်တာထဲမှာ လူဘယ်လောက်ရှိနေသလဲဆိုတာကို အာဏာပိုင်တွေက စိစစ်နေဆဲဖြစ်ပြီး ရုရှားဘက်ကတော့ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

စစ်ပွဲ သက်တမ်း ၄ နှစ်ခွဲနီးပါး ရောက်လာချိန်မှာ ရုရှားက လေကြောင်းတိုက်ခိုက်မှုတွေကို ပိုမိုမြှင့်တင်လာတာ ဖြစ်ပါတယ်။

ကြာသပတေးနေ့ကလည်း မြို့တော် ကိယဗ်ကို ရုရှားရဲ့ ဒုံးကျည်နဲ့ ပစ်ခတ်မှုကြောင့် ၁၇ ယောက် သေဆုံးခဲ့ရသလို၊ ယူကရိန်းဘက်ကလည်း ရုရှားရဲ့ စစ်ဆင်နိုင်စွမ်းကို လျှော့ချဖို့ ရေနံစက်ရုံတွေနဲ့ ထောက်ပံ့ရေးလမ်းကြောင်းတွေကို အပြန်အလှန် တိုက်ခိုက်နေပါတယ်။ 

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013