
မြောက်ကိုရီးယားရဲ့ ရေငုပ်သင်္ဘောပစ် နျူကလီးယားနဲ့ ဒုံးကျည် ခြိမ်းခြောက်မှုတွေကို တုံ့ပြန်ဖို့ ရည်ရွယ်ထားတဲ့ စီမံကိန်းအသစ်အောက်မှာ တောင်ကိုရီးယားဟာ ၂၀၃၀ ပြည့်နှစ် နှစ်လယ်ပိုင်းလောက်မှာ သူတို့ရဲ့ ပထမဆုံး နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောကို ထုတ်လုပ်နိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ တာဝန်ရှိသူတွေက မေ ၂၆ ရက်မှာ ပြောပါတယ်။
တောင်ကိုရီးယားအစိုးရဟာ အာရှရဲ့ လုံခြုံရေးအခြေအနေကို ပုံစံပြောင်းလဲပစ်နိုင်ပြီး ရေအောက်လက်နက် ပြိုင်ဆိုင်မှုကို ပိုပြင်းထန်လာစေမဲ့ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောမောင်းနှင်တဲ့ ထိပ်သီးနိုင်ငံတွေထဲ ဝင်နိုင်ဖို့ ကြိုးစားနေခဲ့တာ ကြာပြီဖြစ်ပါတယ်။
တောင်ကိုရီးယားသမ္မတ အီဂျယ်မြောင်ကလည်း တောင်ကိုရီးယား-အမေရိကန် မဟာမိတ်ပြုမှုရဲ့ ခိုင်မာတဲ့ အခြေခံပေါ်မှာ တည်ဆောက်မဲ့ ဒီနျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောဟာ ကိုရီးယားကျွန်းဆွယ်ရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ကိုယ်တိုင်တာဝန်ယူမယ်ဆိုတဲ့ ဆန္ဒရဲ့ သင်္ကေတတခု ဖြစ်သလို နိုင်ငံရဲ့ ကာကွယ်ရေးလုပ်ငန်းကဏ္ဍ စွမ်းဆောင်ရည်တွေကို မြှင့်တင်ဖို့အတွက် အများကြီး အထောက်အကူပြုမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီရေငုပ်သင်္ဘောဟာ သန့်စင်မှုနိမ့် ယူရေနီယံလောင်စာကို သုံးမှာဖြစ်ပြီး တောင်ကိုရီးယားမှာပဲ ကိုယ်တိုင်ထုတ်လုပ် တည်ဆောက်သွားမယ်လို့ ကာကွယ်ရေးဝန်ကြီး အန်းဂျူဘက်က ပြောကြားခဲ့ပြီး တောင်ကိုရီးယားရဲ့ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေ ရရှိရေး အခြေခံအစီအစဉ်ကို ချပြပါတယ်။
နျူကလီးယားစွမ်းအင်သုံး မောင်းနှင်စနစ်ကြောင့် အခုရေငုပ်သင်္ဘောအသစ်တွေဟာ လက်ရှိ တောင်ကိုရီးယားမှာရှိတဲ့ ရေငုပ်သင်္ဘောတွေထက် ရေအောက်မှာ အကြာကြီး ပိုနေနိုင်မှာဖြစ်သလို ရွေ့လျားမှုလည်း ပိုမြန်ဆန်နိုင်မယ်လို့ အစိုးရဘက်က ပြောပါတယ်။
သမ္မတ အီဂျယ်မြောင်က စစ်ပွဲကာလ စစ်ဆင်ရေး ကွပ်ကဲမှုအာဏာ ပြန်လည်ရယူရေးကိစ္စဟာ ကိုယ်ပိုင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ရဲ့ အဓိကသော့ချက်ဖြစ်တယ်လို့ ထည့်သွင်းပြောကြားခဲ့ပြီး ဒါဟာ ကိုရီးယားကျွန်းဆွယ်ကို ကာကွယ်မဲ့ ပဓာနအကျဆုံးသူက တောင်ကိုရီးယားဖြစ်တယ်ဆိုတဲ့ အဆင့်အတန်းကို ပိုပြီးပေါ်လွင်စေမယ်လို့ ဆိုပါတယ်။
ရှေ့ဆက်သွားမဲ့အခါမှာလည်း တောင်ကိုရီးယားနဲ့ အမေရိကန်ကြား အနီးကပ်ဆွေးနွေးမှုတွေကတဆင့် အာဏာလွှဲပြောင်းမဲ့ အချိန်ကာလ အပါအဝင် အသေးစိတ် လမ်းပြမြေပုံကို အပြီးသတ် သတ်မှတ်သွားမှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
Source: Reuters










