
လာမယ့်ရက်အတွင်း ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းတွေ ပိုမိုမြင့်တက်လာနိုင်ပြီး မြန်မာတနိုင်ငံလုံးမှာ Very High အဆင့် ကြုံတွေ့နိုင်တယ်လို့ မိုးလေ၀သ ပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်းပြောဆိုပါတယ်။
လာမယ့်ရက်သတ္တပတ်အတွက် ညအပူချိန် ခန့်မှန်းချက်အနေနဲ့ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်တွေမှာ ၇ ဒီဂရီ စင်တီဂရိတ်မှ ၁၂ ဒီဂရီ စင်တီဂရိတ်ထိ၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ ပဲခူးတိုင်းဒေသကြီးတို့မှာ ညအပူချိန် ၁၃ ဒီဂရီ စင်တီဂရိတ်မှ ၁၇ ဒီဂရီ စင်တီဂရိတ်ထိ ရှိနိုင်ပြီး ကျန်တိုင်းဒေသကြီးတွေနဲ့ ပြည်နယ်တွေမှာတော့ ညအပူချိန် ၁၈ ဒီဂရီ စင်တီဂရိတ်မှ ၂၁ ဒီဂရီ စင်တီဂရိတ်ထိ ရှိနိုင်ပါတယ်။
မိုးရွာသွန်းမှု အခြေအနေအနေနဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီးတို့မှာ နေရာကျဲကျဲမှ နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်ပြီး ကျန်ဒေသတွေမှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပါတယ်။
မြန်မာ့ပင်လယ်ပြင် အခြေအနေကတော့ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်၊ မြန်မာ့ကမ်းရိုးတန်း ကမ်းလွန်ပင်လယ်ပြင်တွေမှာတော့ လှိုင်းအမြင့် ၁ ပေမှ ၃ ပေခန့်အထိ ရှိနိုင်တယ်လို့လည်း ဒေါက်တာထွန်းလွင်က ခန့်မှန်းထားပါတယ်။
သတင်းဓာတ်ပုံ - အေးမိစံ










