
၂၀၂၆ ခုနှစ် မိုးရာသီရဲ့ နောက်ဆုံး အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံတဝန်းလုံးမှ လုံးဝ ဆုတ်ခွာသွားပြီလို့ စစ်အာဏာရှင်လက်အောက်ခံ မိုးဇလဌာနက အောက်တိုဘာ ၆ ရက်မှာ ထုတ်ပြန်ပါတယ်။
အနောက်တောင်မုတ်သုံလေဟာ စက်တင်ဘာ ၁၅ ရက်က မြန်မာနိုင်ငံမြောက်ပိုင်းကနေ စတင် ဆုတ်ခွာလာပြီး စက်တင်ဘာ ၂၅ ရက်မှာ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများ၊ အောက်တိုဘာ ၂ ရက်မှာ မြစ်ဝကျွန်းပေါ်ဒေသတွေကနေ အသီးသီး ဆုတ်ခွာခဲ့တယ်လို့ ဆိုပါတယ်။
အောက်တိုဘာ ၆ ရက်မှာ မြန်မာနိုင်ငံအောက်ပိုင်း တနင်္သာရီတိုင်းဒေသကြီး အပါအဝင် ကျန်ဒေသတွေကနေ ဆုတ်ခွာခဲ့တဲ့အတွက် အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံကနေ လုံးဝဆုတ်ခွာသွားခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီနှစ်အတွက် မုတ်သုံလေဟာ မေ ၁၆ ရက်မှာ မြန်မာနိုင်ငံတောင်ပိုင်းကို စတင်ဝင်ရောက်ခဲ့ပြီး မေ ၂၃ မှာ မြစ်ဝကျွန်းပေါ်ဒေသ၊ ၂၈ ရက်မှာ မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ ဇွန် ၄ ရက်မှာ တနိုင်ငံလုံးကို ဝင်ရောက်ခဲ့ပါတယ်။
၂၀၂၅ ခုနှစ်ကတော့ မေ ၁၃ ရက်မှာ မြန်မာနိုင်ငံ တောင်ပိုင်း၊ ၂၅ ရက်မှာ တနိုင်ငံလုံးကို ဝင်ရောက်ခဲ့ပြီး စက်တင်ဘာ ၂၂ ရက်မှာ မြန်မာနိုင်ငံ မြောက်ပိုင်းကနေ စတင်ဆုတ်ခွာ၊ အောက်တိုဘာ ၁၆ ရက်မှာ တနိုင်ငံလုံးကနေ ဆုတ်ခွာခဲ့ပါတယ်။
အနောက်တောင်မုတ်သုံလေ ဆုတ်ခွာသွားပေမဲ့ စူပါအယ်လ်နီညိုဖြစ်စဉ် လာနေပြီး မြန်မာနိုင်ငံ တောင်ပိုင်းနဲ့ အရှေ့တောင်ပိုင်းဒေသ၊ အလယ်ပိုင်းနဲ့ တောင်ဘက်ကမ်းရိုးတန်းဒေသတွေမှာတော့ သိသိသာသာ ခံစားရမယ်လို့ မိုးလေဝသ ပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။
အလွန်အားကောင်းတဲ့ အယ်လ်နီညိုရဲ့ သက်ရောက်မှုကြောင့် ပုံမှန်ထက် အပူချိန် ပိုမိုမြင့်မားနိုင်ပြီး အပူလှိုင်းဖြတ်တာ၊ ခြောက်သွေ့တာတွေ ကြုံတွေ့ရနိုင်ပါတယ်။











