အက်စ်တိုးနီးယားက ရုရှားနယ်စပ်ဂိတ်များ ပိတ်ထားမည်

အက်စ်တိုးနီးယားနိုင်ငံဟာ ရုရှားနဲ့ နယ်စပ်ဂိတ်တွေကို အနည်းဆုံး ၆ လကြာ ပိတ်ထားမှာဖြစ်ပြီး ရုရှားဘက်ကတော့ ဒါဟာ "သံကန့်လန့်ကာ" အသစ်တခု ထူထောင်ဖို့ ကြိုးစားတာဖြစ်လို့ တုံ့ပြန် သွားမယ်လို့ ပြောကြားလိုက်ပါတယ်။
ဘောလ်တစ်ဒေသတွင်း နိုင်ငံတခုဖြစ်တဲ့ အက်စ်တိုးနီးယားအစိုးရဟာ လုံခြုံရေးဆိုင်ရာ အကြောင်းပြချက်တွေကြောင့် လာမဲ့ ဒီဇင်ဘာ ၁ ရက်ကစပြီး ရုရှားနဲ့ ထိစပ်နေတဲ့ ကုန်းလမ်းနယ်စပ်ဖြတ်ကျော်ဂိတ်အားလုံးကို အနည်းဆုံး ၆ လကြာ ပိတ်ထားမှာဖြစ်ပြီး ၆ လပြည့်ချိန်မှာ သက်တမ်းထပ်တိုး၊ မတိုး ဆုံးဖြတ်သွားမယ်လို့ နိုဝင်ဘာ ၂၀ ရက်မှာ ထုတ်ပြန် ပါတယ်။
အက်စ်တိုးနီးယား ဒရုန်းထုတ်လုပ်ရေး ကုမ္ပဏီတခုဖြစ်တဲ့ ထရီအော့ဒ် စစ်စတမ်စ်ကို မီးရှို့ဖျက်ဆီးဖို့ ကြိုးပမ်းမှုရဲ့နောက်ကွယ်မှာ ရုရှားပါဝင်နေတယ်လို့ မြို့တော် တာလင်းန်က မော်စကို ကို အပြစ်တင် ပြီးနောက် အခုလအစောပိုင်းမှာ နယ်စပ်ပိတ်ဖို့ ပထမဆုံး ကြေညာခဲ့တာဖြစ်ပေမဲ့ အဲဒီတုန်းကတော့ ဘယ်လောက်ထိ ကြာအောင် ပိတ်ထားမလဲဆိုတာကိုတော့ အတိအကျ မပြောခဲ့ပါဘူး။
အက်စ်တိုးနီးယားနဲ့ တခြားဥရောပနိုင်ငံတွေအပေါ် ရုရှားရဲ့ ဆက်တိုက်ရန်လိုနေတဲ့ လုပ်ရပ်တွေကို တုံ့ပြန်တဲ့အနေနဲ့ အခုလို ဆုံးဖြတ်ရတာဖြစ်ပြီးတော့ ဒီနှစ်ထဲမှာ အက်စ်တိုးနီးယား ကာကွယ်ရေး လုပ်ငန်းကုမ္ပဏီတွေ ၂ ကြိမ်တိုင်တိုင် တိုက်ခိုက်ခံခဲ့ရပြီး ၂ ကြိမ်စလုံးကို ရုရှားအထူးထောက်လှမ်းရေးအဖွဲ့တွေက ကျူးလွန်ခဲ့တာလို့ ပြည်တွင်းလုံခြုံရေးဌာနက ဆိုထား ကြောင်း အစိုးရထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာကတော့ အက်စ်တိုးနီးယား အနေနဲ့ ဒီအစီအစဉ်ကို ဆက်လုပ်မယ်ဆိုရင် ရုရှားရဲ့ အမျိုးသားအကျိုးစီးပွားကို ကာကွယ်ဖို့ လိုအပ်တဲ့ နိုင်ငံရေးနဲ့ သံတမန်ရေးအရ တုံ့ပြန်မှုတွေ လုပ်ဆောင်သွားမယ်လို့ မော်စကိုမြို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒါ့အပြင် အရှေ့ဘက်က ခြိမ်းခြောက်မှုဆိုတဲ့ မဟုတ်မမှန် အကြောင်းပြချက်နဲ့ သံကန့်လန့်ကာ အသစ်တခု တည်ဆောက်ဖို့ ကြိုးစားတာနဲ့ အတူတူပဲလို့လည်း ထပ်လောင်းစွပ်စွဲခဲ့ပါတယ်။
ကရင်မလင် နန်းတော်ဘက်ကလည်း အဖျက်အမှောင့်လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ ဥရောပနိုင်ငံတွေရဲ့ စွပ်စွဲချက်တွေကို အစဉ်တစိုက် ငြင်းဆိုလေ့ရှိပြီး ဒါဟာ မော်စကိုအပေါ် ပစ်မှတ်ထား စွပ်စွဲနေကျ မဟုတ်မမှန် ပြောဆိုမှုတွေထဲက တခုသာ ဖြစ်တယ်လို့ တုံ့ပြန် ထားပါတယ်။
NATOနဲ့ ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်နိုင်ငံတခုဖြစ်သလို ယူကရိန်းကို အခိုင်အမာ ထောက်ခံနေတဲ့ အက်စ်တိုးနီးယားနိုင်ငံမှာ လက်ရှိအချိန်ထိ ခရီးသွားတွေ ရုရှားနိုင်ငံဘက်ကို အဝင်အထွက် လုပ်နိုင် တဲ့ နယ်စပ်ဖြတ်သန်းရေးဂိတ် ၅ ခု ရှိပါတယ်။
Source:Reuters











