ကင်ညာနိုင်ငံရှိ တရားရုံးတရုံးဟာ ပြီးခဲ့တဲ့အပတ်က နိုင်ရိုဘီမြို့တော်ရှိ ဂျိုမို ကင်ညာတာ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ပုရွက်ဆိတ်အရှင် ၂,၀၀၀ ကျော်နဲ့အတူ ဖမ်းမိခဲ့တဲ့ တရုတ်နိုင်ငံသား ကျန်းကဲ့ချွန်း အပါအဝင် အမျိုးသား ၂ ယောက်ကို တောရိုင်းတိရစ္ဆာန်တွေ တရားမဝင် သယ်ယူပို့ဆောင်မှုနဲ့ မတ် ၁၇ ရက်က တရားစွဲဆိုခဲ့ပါတယ်။
အသက် ၂၇ နှစ်ရှိ ကျန်းကဲ့ချွန်းကို နိုင်ငံမှ ထွက်ခွာဖို့ ကြိုးစားနေချိန် မတ် ၁၁ ရက်မှာ ဖမ်းဆီးခဲ့ကြောင်း တရားရုံးမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။
သူဟာ အရင်နှစ်ကလည်း ကင်ညာနိုင်ငံအတွင်း ဖမ်းဆီးမှုမှ တိမ်းရှောင်ခဲ့ဖူးသူဖြစ်တာကြောင့် ကင်ညာ လူဝင်မှုကြီးကြပ်ရေးဌာနက သူ့ရဲ့ပတ်စ်ပို့ကို ခရီးသွားလာခွင့်ပိတ်ပင်ထားပါတယ်။
တရားလိုရှေ့နေတွေဟာ ချားလ်စ်မွမ်ဂီ အမည်ရှိ ဒုတိယမြောက် အမျိုးသားတယောက်ကိုလည်း မတ် ၁၆ ရက်မှာ ရုံးထုတ်စစ်ဆေးခဲ့ပြီး သူ့ကို နိုင်ငံခြားသားမှောင်ခိုသမားတွေထံ ပုရွက်ဆိတ်အရှင်တွေကို ပံ့ပိုးပေးသူ ဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။
ချားလ်စ် မွမ်ဂီကို မတ် ၁၀ ရက်က ဘန်ကောက်မြို့မှာ ဖမ်းဆီးရမိခဲ့တဲ့ ကင်ညာနိုင်ငံ မွန်ဘာဆာ ဆိပ်ကမ်းမြို့က ပေးပို့လိုက်တဲ့ ပုရွက်ဆိတ်တင်ပို့မှုနဲ့ ဆက်နွှယ်နေကြောင်း အာဏာပိုင်တွေက တွေ့ရှိခဲ့ကြပါတယ်။
ကျန်းကဲ့ချွန်းနဲ့ မွမ်ဂီတို့ ၂ ယောက်စလုံးကတော့ တောရိုင်းတိရစ္ဆာန်မျိုးစိတ်တွေကို ခွင့်ပြုချက်မရှိဘဲ ဖမ်းဆီးထိန်းသိမ်းထားမှု အပါအဝင် စွဲချက်တွေကို အပြစ်မရှိကြောင်း လျှောက်လဲခဲ့ကြပါတယ်။
တရားရုံးက သူတို့ ၂ ယောက်လုံးကို ချုပ်နှောင်ထားဖို့ အမိန့်ပေးခဲ့ပြီး လာမဲ့ မတ် ၂၇ ရက်မှာ အမှုကို ဆက်လက်စစ်ဆေးမယ်လို့ အမိန့်ချမှတ်ခဲ့ပါတယ်။
ပုရွက်ဆိတ်ဝါသနာရှင်တွေဟာ ငွေကြေးအမြောက်အမြား အကုန်အကျခံပြီး မှန်လုံအိမ်ကြီးတွေထဲမှာ ပုရွက်ဆိတ်အုံတွေကို မွေးမြူကာ ပုရွက်ဆိတ်မျိုးစိတ်တွေရဲ့ ရှုပ်ထွေးတဲ့ နေထိုင်မှုဖွဲ့စည်းပုံနဲ့ အပြုအမူတွေကို အနီးကပ်လေ့လာကြတာ ဖြစ်ပါတယ်။
မနှစ်တုန်းကလည်း ကင်ညာနိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင် ဂေဟစနစ်အတွက် အရေးကြီးတဲ့ ပုရွက်ဆိတ်တွေကို ထောင်နဲ့ချီပြီး တရားမဝင် ပို့ဆောင်ဖို့ ကြိုးစားခဲ့တဲ့ လူ ၄ ယောက်ကို ဒေါ်လာ ၇,၇၀၀ စီ ဒဏ်ကြေးချမှတ်ခဲ့ပါတယ်။
ကျွမ်းကျင်သူတွေရဲ့ အဆိုအရ ဆင်စွယ်လို လူသိများတဲ့ အဖိုးတန်ပစ္စည်းတွေကနေ လူသိနည်းတဲ့ မျိုးစိတ်တွေဆီ ဇီဝသူခိုးလုပ်ရပ် ပြောင်းလဲလာနေတာကို ပြသနေတယ်လို့ ဆိုပါတယ်။
Source: Reuters










