DVB Logo
Home
နိုင်ငံတကာ
ထိုင်းနိုင်ငံ၌ မြောင်းထဲထိုးကျခဲ့သည့် ကားတွင်းမှ မိသားစုကို အသက်စွန့် ကယ်တင်ခဲ့သည့် သူရဲကောင်းဖခင် သေဆုံး
DVB
·
April 22, 2026
Photo: Khaosod
Photo: Khaosod
Donate to DVB

ထိုင်းနိုင်ငံမှာ ယာဉ်မတော်တဆမှုတခုကြောင့် ရေမြောင်းတွင်းထိုးကျသွားခဲ့တဲ့ ကားတစီးထဲက မိသားစုဝင်တွေကို အသက်စွန့်ကယ်တင်အပြီးမှာ ရေစီးထဲ မျောပါသေဆုံးခဲ့ရတဲ့ ဖခင်အမျိုးသားတယောက်ကို သူရဲကောင်းတယောက်အဖြစ် ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက် ညနေ ၄ နာရီ ၄၀ မိနစ်က ချိုင်နတ်ခရိုင်၊ ဆန်ခါဘူရီမြို့နယ်၊ တျန်းတဲကျေးရွာအုပ်စု အမှတ် ၁ မှာ ဖြစ်ပွားခဲ့တာပါ။

အဆိုပါဧရိယာထဲမှာ ပြင်းထန်တဲ့ ယာဉ်မတော်တဆမှုတခု ဖြစ်ပွားကြောင်း ထိုင်းရဲတပ်ဖွဲ့ဆီ သတင်းရောက်ရှိခဲ့ပြီးနောက် သွားရောက်စစ်ဆေးချိန်မှာ နစ်ဆန်းပစ်ကပ်ကားတစီး လမ်းချော်ကာ ရေမြောင်းအတွင်း ထိုးကျသွားခဲ့ပြီး လူတယောက် ပျောက်ဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တာကို သိရှိခဲ့ရတယ်လို့ ဆိုပါတယ်။

ချိုင်နတ်ခရိုင် ရုန်ကတန်ညု ဖောင်ဒေးရှင်းက ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ရေငုပ်သမားတွေကို အခင်းဖြစ်ပွားရာနေရာဆီ အရေးပေါ် စေလွှတ်ခဲ့ချိန်မှာ ရေစီးသန်တဲ့ မြောင်းအတွင်း ကားအမိုးသာ မြင်ရတော့တဲ့အထိ နစ်မြုပ်နေပြီး လမ်းပေါ်မှာတော့ ၁၀ မီတာကျော် ရှည်လျားတဲ့ ဘရိတ်ဖမ်းထားခဲ့တဲ့ အမှတ်အသားတွေကို တွေ့ရှိခဲ့ရတယ်လို့ Khaosod English သတင်းမှာ ဖော်ပြပါတယ်။

အချိန် ၁၀ မိနစ်လောက် ရှာဖွေပြီးနောက်မှာတော့ ရေငုပ်သမားတွေဟာ အသက် ၄၆ နှစ်အရွယ် ထိုင်းအမျိုးသား ပန်ညာ သောင်ကလစ်ရဲ့ ရုပ်အလောင်းကို ဆယ်ယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

သူဟာ အရပ်ထဲမှာ ချမ်းကော့ပ် အမည်နဲ့ လူသိများတဲ့ သူဟာ စက်ပြင်ဆရာတယောက်ဖြစ်ပြီး တျန်းတဲကျေးရွာအုပ်စု၊ အမှတ် ၆ ရဲ့ ရွာသူကြီးလက်ထောက်လည်း ဖြစ်ပါတယ်။

သူ့ရဲ့ရုပ်အလောင်းကို ကားမှောက်တဲ့နေရာကနေ မီတာ ၅၀၀ လောက်အကွာမှာ တွေ့ရှိခဲ့ကြပြီး ကုန်းပေါ် ဆယ်ယူလာချိန်မှာ ဆွေမျိုးတွေရဲ့ ငိုကြွေးသံတွေနဲ့ စိတ်မကောင်းဖွယ်မြင်ကွင်း ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

သူ့ရဲ့သမီးဖြစ်သူ နတ်ဆူဒါက နောက်ဆုံးအချိန်ကို မျက်ရည်တွေနဲ့ ပြန်ပြောပြရာ ဖခင်၊ မိခင်၊ ညီမငယ်၊ သူ့ရဲ့ချစ်သူ အပါအဝင် မိသားစု ၅ ယောက်တို့ဟာ ဖခင်ဖြစ်သူ စက်ပြင်အလုပ်အပြီး မြို့ထဲကို ပစ္စည်းဝယ်ဖို့ သွားခဲ့ကြတာလို့ ဆိုပါတယ်။

အခင်းဖြစ်ပွားချိန်မှာ လမ်းဘေးက အဖြူရောင် ဆီဒင်ကားတစီးက သူတို့ကားရှေ့ ရုတ်တရက် ဖြတ်မောင်းဝင်လာခဲ့တာကြောင့် ဖခင်ဖြစ်သူက တိုက်မိမှာစိုးပြီး ရှောင်ကွင်းမောင်းနှင်ရာကနေ မထိန်းချုပ်နိုင်ဘဲ မြောင်းထဲ ထိုးကျသွားခဲ့တာလို့ ပြောပါတယ်။

ကားစတင်နစ်မြုပ်ချိန်မှာ ဖခင်ဖြစ်သူက သူ့ရဲ့ နောက်ဆုံးရှိသမျှ အင်အားကိုသုံးပြီး မိသားစုဝင် ၄ ယောက်လုံးကို ဘေးကင်းရာဆီ တွန်းထုတ်ပေးခဲ့သလို အခင်းဖြစ်ပွားမှုကို မြင်တွေ့လိုက်တဲ့ ဒေသခံ လယ်သမားတယောက်ကလည်း သူတို့ကို ကုန်းပေါ်ရောက်အောင် ဝိုင်းဝန်းကူညီပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ အားလုံး လွတ်မြောက်သွားကြောင်း သေချာပြီးတဲ့နောက် ဖခင်ဖြစ်သူမှာ အင်အားကုန်ခန်းသွားကာ ပြင်းထန်တဲ့ ရေစီးနဲ့အတူ မျောပါသွားခဲ့တာလို့ ဆိုပါတယ်။

“အဖေ ကျမကို မကယ်ခဲ့သင့်ဘူး” လို့ နတ်ဆူဒါက ငိုကြွေးရင်း ပြောပါတယ်။

သေဆုံးသူရဲ့ ဇနီးဖြစ်သူမှာလည်း အခင်းဖြစ်နေရာတင် မေ့လဲသွားခဲ့တာကြောင့် အရေးပေါ် ကယ်ဆယ်ပေးခဲ့ရပြီး ၇ နှစ်အရွယ် သမီးငယ်နဲ့အတူ ဆေးရုံဆီ အမြန်ဆုံး ပို့ဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီမတော်တဆမှုမှာ ပါဝင်ပတ်သက်တဲ့ အဖြူရောင် ဆီဒင်ကားကတော့ နေရာကနေ ချက်ချင်း မောင်းပြေးသွားခဲ့တာကြောင့် ရဲတပ်ဖွဲ့က သက်သေအထောက်အထားတွေ စုဆောင်းထားပြီး ယာဉ်မောင်းကို ဖော်ထုတ်အရေးယူနိုင်ဖို့ CCTV မှတ်တမ်းတွေကို စစ်ဆေးနေသလို သေဆုံးသူ ရုပ်အလောင်းကိုလည်း အသေးစိတ် စစ်ဆေးနိုင်ဖို့ မှုခင်းဆေးပညာဌာနကို ပို့ဆောင်ထားတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

Source: Khaosod

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013