
ဖီဖာဥက္ကဋ္ဌ ဂျန်နီအင်ဖန်တီနိုက ကမ္ဘာ့ဖလားမှာ ဒုတိယရခဲ့တဲ့ အာဂျင်တီးနားအသင်းကို ဂုဏ်ပြုစာတစောင် ပေးပို့ခဲ့ပါတယ်။
ဒီစာဟာ အခုတော့ ပြင်ပကို ပေါက်ကြားလာခဲ့ပြီး စာထဲက စကားလုံးတွေဟာ အံ့အားသင့်စရာ ဖြစ်နေပြီး ပရိသတ်တွေကြားမှာ မေးခွန်းထုတ်စရာတွေလည်း အများအပြား ရှိနေပါတယ်။
ကမ္ဘာ့ဖလားအပြီးမှာ ဆုတံဆိပ်ရတဲ့ ၃ သင်းစလုံးကို ဂုဏ်ပြုစာတွေ ပေးပို့တာဟာ ပုံမှန်လုပ်ရိုးလုပ်စဉ် ဖြစ်ပေမဲ့ အာဂျင်တီးနားအတွက် စာပါအကြောင်းအရာတွေကတော့ ထူးခြားနေပါတယ်။
အင်ဖန်တီနိုဟာ အာဂျင်တီးနားအသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီနဲ့ အဖွဲ့သားတွေရဲ့ “ပရော်ဖက်ရှင်နယ်ဆန်မှု” ကို ချီးကျူးခဲ့တာပါ။
ဒါပေမဲ့ ကမ္ဘာ့ဖလား ဗိုလ်လုပွဲအပြီးမှာ အာဂျင်တီးနား ကစားသမားတွေရဲ့ ရိုင်းစိုင်းတဲ့ အပြုအမူတွေ ရှိခဲ့တာကြောင့် အင်ဖန်တီနိုရဲ့ ချီးကျူးစကားတွေအပေါ် ကမ္ဘာတဝန်း ဘောလုံးပရိသတ်တွေရဲ့ ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။
ပွဲအပြီးမှာ အာဂျင်တီးနားအသင်းသားတချို့ ပြုမူခဲ့တဲ့ အပြုအမူဆိုးတွေကို လျစ်လျူရှုပြီး ချီးကျူးထားတာကြောင့် ဒီဂုဏ်ပြုစာဟာ အငြင်းပွားစရာ ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။











