
ကိုလံဘီယာရဲတပ်ဖွဲ့က လက်နက်နဲ့ မူးယစ်ဆေးဝါး နိုင်ငံတကာ မှောင်ခိုကူးမှု စုံစမ်းစစ်ဆေးရေးတွေနဲ့ ဆက်နွှယ်ပြီး ကနေဒါနိုင်ငံသား အရစ်ဖ် ဂျူးမန် (ခေါ်) ဂီလာနီကို မက်ဒလင်းမြို့မှာ ဇူလိုင် ၈ ရက်က ဖမ်းဆီးလိုက်တယ်လို့ ကိုလံဘီယာ အမျိုးသားရဲတပ်ဖွဲ့က ထုတ်ပြန်ပြောပါတယ်။
ရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ ဗီဒီယိုထဲမှာ ရဲအရာရှိတွေနဲ့ အထူးစစ်ဆင်ရေးအဖွဲ့ဝင်တွေဟာ အားကစားရုံတခုထဲကို ဝင်ရောက်ပြီး ဂျူးမန်ကို ဖမ်းဆီးကာ ရဲစခန်းကို ခေါ်ဆောင်သွားတာ မြင်တွေ့ရပါတယ်။
ဂျူးမန်ဟာ လက်နက်မှောင်ခိုကူးဖို့ ကြံစည်မှု၊ ကနေဒါအာဏာပိုင်တွေ စုံစမ်းစစ်ဆေးနေတဲ့ နိုင်ငံတကာ မူးယစ်ဆေးဝါး မှောင်ခိုကူးမှု လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်မှုတွေနဲ့ အလိုရှိနေသူ ဖြစ်တယ်လို့ အဘူရာတောင်ကြားမြို့တော် ရဲတပ်ဖွဲ့ရဲ့ အမှုဆောင်အရာရှိချုပ် ဟင်နရီ ယက်ဆစ် ဘဲလ်ယိုက ပြောပါတယ်။
ဂျူးမန်ကို မက်ဒလင်းမြို့က အယ်လ်တီဆိုရို ကုန်တိုက်မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး သူဟာ ၂၀၂၅ ခုနှစ်ကတည်းက အထောက်အထား စာရွက်စာတမ်းအတုတွေ သုံးပြီး ကိုလံဘီယာနိုင်ငံထဲကို ဝင်ရောက်ခဲ့တာလို့ ကိုလံဘီယာ အမျိုးသားရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် သူဟာ ထောင်ဒဏ် ၁၀ နှစ်နဲ့ ဆက်နွှယ်နေတဲ့ ခံဝန်ချုပ် စည်းကမ်းချက်တွေကို ချိုးဖောက်ခဲ့လို့ ကနေဒါနိုင်ငံ အွန်တေးရီယို ပြည်နယ်ရဲတပ်ဖွဲ့ကလည်း အလိုရှိနေသူလို့ အာဏာပိုင်တွေက ပြောပါတယ်။
အမေရိကန် တရားရေးဝန်ကြီးဌာနရဲ့ အဆိုအရ သူဟာ ၂၀၂၃ နဲ့ ၂၀၂၄ ခုနှစ်အတွင်း အမေရိကန် ဖလော်ရီဒါပြည်နယ်ကနေ ကနေဒါနိုင်ငံထဲကို တရားမဝင် လက်နက်အလက်ပေါင်း ၁၀၀ ကျော် မှောင်ခိုတင်ပို့ပြီး မူးယစ်မှောင်ခိုဂိုဏ်းတွေရဲ့ နောက်ကွယ်က အင်အားကို ဖြည့်တင်းပေးခဲ့တဲ့ အဖွဲ့အစည်းတခုမှာ ပါဝင်ခဲ့ပါတယ်။
ဒီစစ်ဆင်ရေးကို ကိုလံဘီယာ ရဲတပ်ဖွဲ့ရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနဲ့ ပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး အဖွဲ့တွေက အင်တာပိုလ်၊ နိုင်ငံတကာ အေဂျင်စီတွေနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
လောလောဆယ်မှာတော့ သူ့ကို အမေရိကန်နဲ့ ကနေဒါနိုင်ငံတွေကို တရားခံလွှဲပြောင်းပေးရေး လုပ်ငန်းစဉ်တွေ ဆက်လုပ်နိုင်ဖို့ သက်ဆိုင်ရာ တရားစီရင်ရေး အာဏာပိုင်တွေဆီ အပ်နှံထားပါတယ်။
Source: Reuters










