
စစ်ကောင်စီရုံးစိုက်တဲ့ နေပြည်တော်က အခုနှစ် အတာသင်္ကြန်ပွဲတော်မှာ အရပ်သားတွေအနေနဲ့ ယာဉ်တွေ အသုံးပြု ရေကစားတာတွေကို စစ်ဆေးအရေးယူသွားမယ်လို့ နေပြည်တော်က စစ်ကောင်စီရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့သူတွေဆီက သိရပါတယ်။
အခုနှစ် စစ်ကောင်စီရုံးစိုက်တဲ့ နေပြည်တော်က မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်မှာ အရပ်သားတွေအနေနဲ့ အလှပြယာဉ်တွေနဲ့ ရေကစားတာ၊ ရေပက်ခံကားတွေနဲ့ ရေပက်ခံထွက်တာ၊ ကားတွေအသုံးပြု ရေကစားတာတွေကို အဖွဲ့စုံနဲ့ လမ်းဆုံ၊ လမ်းခွ၊ မြို့အဝင်အထွက် နေရာတွေမှာ ကြပ်မတ်စစ်ဆေး အရေးယူသွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
နေပြည်တော်က စစ်ကောင်စီရဲတပ်ဖွဲ့နဲ့ နီးစပ်သူက “ပြီးခဲ့တဲ့ မတ်လက သင်္ကြန်အတွက် ကြိုတင် အစည်းအဝေးမှာကတည်းက ညွှန်ကြားထားတာလို့ သိရတယ်။ မြေပြင်မှာ လုံခြုံရေးအဖွဲ့တွေက ကြပ်မတ်စစ်ဆေး အရေးယူဖို့ ညွှန်ကြားထားတာ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ရဲတွေ၊ ပြည်သူ့လုံခြုံရေးအဖွဲ့တွေနဲ့ ပြည်သူ့စစ်တွေက အခုနှစ် နေပြည်တော်က အတာသင်္ကြန်ပွဲတော်ကို စက်သုံးဆီခြွေတာသုံးစွဲရေး စီမံချက်အနေနဲ့ အလှပြယာဉ် တွေ၊ ရေပက်ခံကားတွေနဲ့ ရေကစားတာကို ခွင့်ပြုမှာမဟုတ်ဘဲ စစ်ဆေးသွားမယ်လို့ သိရပါတယ်။
“သူတို့လုပ်တဲ့ သင်္ကြန်မှာ ပြည်သူတွေကို ရေကစားစေချင်တယ်၊ စည်ကားစေချင်တယ်၊ ယာဉ် အသုံးပြုခွင့် မပေးဘူး။ နေပူပူမှာ ခြေလျင်လမ်းလျှောက်ပြီး သူတို့ (စစ်ကောင်စီ) က လုပ်တဲ့ လမ်းလျှောက်သင်္ကြန်မှာ ရေကစားကြစေဖို့ လုပ်တာ။”
စစ်ကောင်စီက နေပြည်တော်သင်္ကြန်ပွဲတော်မှာ အရပ်သားတွေကို ယာဉ်တွေအသုံးပြု ရေကစားတာ တွေ မလုပ်စေဖို့ စစ်ဆေးကြပ်မတ် အရေးယူဖို့ ညွှန်ကြားထားပေမဲ့ လမ်းလျှောက် သင်္ကြန် မဏ္ဍပ် တွေနဲ့ ဖျော်ဖြေရေးမဏ္ဍပ်တွေ ဆောက်ပြီး လမ်းလျှောက်သင်္ကြန်ကို အဓိကထား ကျင်းပဖို့ ပြင်ဆင် နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
နေပြည်တော်မှာ ပြီးခဲ့တဲ့မတ်လ ဒုတိယအပတ်ကစတင်ကာ လမ်းလျှောက်သင်္ကြန်မဏ္ဍပ်တွေ စတင်တည်ဆောက်နေကာ စစ်ကောင်စီလူကြီးတွေ လာပြီး ဖွင့်ပွဲလုပ်ပေးမဲ့ နေပြည်တော် ဗဟိုမဏ္ဍပ်ကို အဓိကထားကာ စနစ်တကျ ပြင်ဆင်တည်ဆောက်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ နေပြည်တော်ဗဟိုမဏ္ဍပ်မှာ ယိမ်းအကအဖွဲ့တွေ ကပြတာ၊ စစ်ကောင်စီကို ထောက်ခံ တဲ့ အဆိုတော်တွေက သီချင်းဆိုတာ၊ စတုဒိသာကျွေးတာ၊ ကပြတဲ့ ယိမ်းအဖွဲ့တွေနဲ့ သီချင်းဆိုသူ တွေကို စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်က ဆုငွေပေးဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။










