
မြန်မာစစ်တပ်နဲ့ စစ်တပ်ကျောထောက်နောက်ခံပြု အုပ်ချုပ်ရေးအဖွဲ့ထံ ဂျပန်အစိုးရရဲ့ ဖွံ့ဖြိုးရေးအကူအညီ (ODA) ပြန်လည်ပေးအပ်ရေးအား ကန့်ကွက်တဲ့ ဆန္ဒပြပွဲနဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် ဆုတောင်းပွဲတရပ်ကို အောက်တိုဘာ ၉ ရက် ညနေမှာ တိုကျိုမြို့ရှိ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနရှေ့မှာ ပြုလုပ်ခဲ့ပါတယ်။
ဆန္ဒပြပွဲကို ပူးပေါင်းခေါ်ယူတဲ့ ဂျပန်အခြေစိုက် အဖွဲ့အစည်းတွေမှာ မဲခေါင်စောင့်ကြည့်ရေးအဖွဲ့ (Mekong Watch)၊ နိုင်ငံတကာပတ်ဝန်းကျင်အဖွဲ့ (FoE Japan)၊ လက်နက်ကုန်သွယ်မှု ဆန့်ကျင်ရေး ကွန်ရက် (NAJAT)၊ ဗုဒ္ဓဘာသာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ကွန်ရက် (AYUS)၊ ဂျပန်နိုင်ငံတကာ စေတနာ့ဝန်ထမ်းစင်တာ JVC နဲ့ အာရှပစိဖိတ်လေ့လာရေးစင်တာ PARC တို့ ဖြစ်ကြပါတယ်။
ဆန္ဒပြပွဲကို လာရောက်ပူးပေါင်းခဲ့သူ မြန်မာအရေးလှုပ်ရှားနေသူ ကိုသန့်မျိုးထွေးက “ဂျပန်နိုင်ငံဟာ ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေး စံချိန်စံနှုန်းတွေ မြင့်မားတဲ့ ထိပ်တန်းက နိုင်ငံတခုပါ။ မြန်မာပြည်သူတွေအားလုံး မြန်မာလူငယ်တွေရဲ့ အားလုံးရဲ့ တကယ့်ဆန္ဒကို ဆန့်ကျင်ပြီး နေ့စဉ် ပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်ပြီး သွေးစွန်းနေတဲ့ စစ်အာဏာရှင်ကို အသိအမှတ်ပြုမယ်ဆိုရင် နိုင်ငံတကာမှာ ဂျပန်ပုံရိပ်တွေ ကျဆင်းပြီး အရှက်ကွဲရပါလိမ့်မယ်၊ မကြာခင်က မြန်မာနိုင်ငံသွားခဲ့တဲ့ ဂျပန်လွှတ်တော်အမတ်တွေကိုလည်း မြန်မာပြည်သူတွေကိုယ်စား ရှုတ်ချပါတယ်” လို့ DVB ကို ပြောပါတယ်။
မြန်မာနိုင်ငံမှာ အရပ်သားတွေအပေါ် အကြမ်းဖက်မှု၊ ဖမ်းဆီးမှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေပြီး လူအများအပြား နေရပ်စွန့်ခွာနေရတဲ့ အခြေအနေမှာ စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေက စစ်တပ်ရဲ့ အုပ်ချုပ်ရေးနဲ့ ငွေကြေးအင်အားကို ပိုမိုခိုင်မာစေနိုင်ကြောင်းနဲ့ စိုးရိမ်မိကြောင်းလည်း မဲခေါင်စောင့်ကြည့်ရေးအဖွဲ့မှ မစ္စယူကာ ကိဂုချိ က ဆန္ဒပြမှာ ပြောကြားခဲ့ပါတယ်။
ဂျပန်အန်ဂျီအိုတွေ ဦးဆောင်တဲ့ အဆိုပါဆန္ဒပြပွဲမှာ မြန်မာစစ်တပ်ဦးဆောင်တဲ့ နိုင်ငံရေးစနစ်အောက်မှာ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ နိုင်ငံရေးအင်အားစုတွေကို ဖယ်ထုတ်ပြီး ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲနဲ့ ပေါ်ပေါက်လေတဲ့ အုပ်ချုပ်ရေးအဖွဲ့ဟာ တရားဝင်မှု မရှိကြောင်းလည်း ထုတ်ပြန်ချက်မှာ ဝေဖန်ထားပါတယ်။
ဂျပန်အစိုးရအနေနဲ့ အဆိုပါအုပ်ချုပ်ရေးအဖွဲ့ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုကြောင်း ရှင်းလင်းစွာ ထုတ်ဖော်ပြောကြားဖို့၊ အာဆီယံနိုင်ငံတွေကိုလည်း အလားတူ ရပ်တည် တိုက်တွန်းပေးဖို့နဲ့ မြန်မာနိုင်ငံကို လက်နက်၊ ခဲယမ်းနဲ့ စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေ လွှဲပြောင်းရောင်းချမှု ရပ်တန့်ရေးအတွက် ဆောင်ရွက်ဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဆန္ဒပြပွဲမှာ ဗုဒ္ဓဘာသာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးကွန်ရက် (AYUS) ရဲ့ ဥက္ကဋ္ဌ ဆရာတော် ချိအိယို မတ်ဆုမိုတို (Chiryō Matsumoto) က မြန်မာနိုင်ငံ အမြန်ဆုံးငြိမ်းချမ်းရေးအတွက် ဆုတောင်းမှုပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံတဝန်း ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီအရေး ကြိုးပမ်းရင်း အသက်ပေးစွန့်လွှတ်ခဲ့ရသူတွေအား ရည်စူးပြီး ၃ မိနစ် ငြိမ်သက်ဆုတောင်းခဲ့ကြပါတယ်။
အဆိုပါအဖွဲ့တွေက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း ဂျပန်အစိုးရက ယန်းငွေ ဘီလီယံ ၇၄၀ ခန့် တန်ဖိုးရှိ ချေးငွေစီမံကိန်းများအပါအဝင် ODA ဆိုင်ရာ လုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နေကြောင်း ဖော်ပြထားပြီး အဆိုပါအကူအညီတွေဟာ မြန်မာပြည်သူတွေရဲ့ အကျိုးအတွက် အမှန်တကယ် ဖြစ်နေသလားလို့လည်း မေးခွန်းထုတ်ထားပါတယ်။











