DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်သူများ စစ်တပ်အကြမ်းဖက်မှု အန္တရာယ်အောက် နေ့စဥ်ရှင်သန်နေကြရဟု IIMM ထုတ်ပြန်
မြတ်နိုးအောင်
·
August 12, 2026
Photo:UN (IIMM အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်)
Photo:UN (IIMM အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်)
Donate to DVB

မြန်မာနိုင်ငံတဝန်းက ပြည်သူတွေဟာ စစ်အာဏာရှင်ရဲ့ အကြမ်းဖက်မှု အန္တရာယ်အောက်မှာ နေ့စဥ် ရှင်သန်နေကြရသလို စုံစမ်းစစ်ဆေးမှုတွေအရ အရပ်သားတွေကို မြန်မာစစ်တပ်က ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့တဲ့အကြောင်း ကုလသမဂ္ဂလူ့အခွင့်ရေးကောင်စီက ဖွဲ့စည်းပေးထားတဲ့  မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) ရဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ဩဂုတ် ၁၁ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာတော့ အခုနှစ် ဇန်နဝါရီလမှာ ကျင်းပပြီးစီးခဲ့တဲ့ အတုအယောင် ရွေးကောက်ပွဲမတိုင်မီကာလအတွင်း အရပ်သားတွေ အပေါ် လေကြောင်းတိုက်ခိုက်မှုတွေနဲ့ တခြားရာဇဝတ်မှုတွေကို မြန်မာစစ်အာဏာရှင်တပ်က တိုးမြှင့် ကျူးလွန်လာခဲ့ပြီး ဒီတိုက်ခိုက်မှုတွေဟာ ဒီကနေ့အချိန်အထိ လျော့နည်း သွားခြင်းမရှိဘဲ ဆက်လက်ဖြစ်ပွားနေတယ်လို့လည်း ဆိုပါတယ်။

ယန္တရားရဲ့ အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က “ဒီရာဇဝတ်မှုတွေကြောင့် လူတွေရဲ့ ဘဝတွေ အကြီးအကျယ် ပျက်စီးဆုံးရှုံးသွားခဲ့ရတယ်ဆိုတာကို ကျနော်တို့ စုဆောင်းရရှိတဲ့ သက်သေအထောက်အထား တခုချင်းစီက ထောက်ပြနေပါတယ်။ မြန်မာနိုင်ငံတဝန်းက ပြည်သူတွေဟာ အကြမ်းဖက်မှု အန္တရာယ်အောက်မှာ နေ့စဥ် ရှင်သန်နေကြရတဲ့အပြင် နက်ရှိုင်းပြီး ရေရှည်ကျန်ရှိနေတဲ့ အကျိုးဆက်တွေကိုလည်း ရင်ဆိုင်ဖြေရှင်းနေကြရပါတယ်။ ဒီအချက်က ရာဇဝတ်မှုတွေအတွက် တာဝန်ရှိသူတွေဆီက တာဝန်ခံမှုရရှိဖို့ အရေးတကြီး လိုအပ်နေတယ်ဆိုတာကို အလေးအနက် ဖော်ပြနေပါတယ်” လို့ ပြောပါတယ်။

၂၀၂၅ ခုနှစ် ဇူလိုင် ၁ ရက်ကနေ အခုနှစ် ဇွန် ၃၀ ရက် ကာလအထိ လုပ်ငန်းတွေကို တင်ပြတဲ့ အစီရင်ခံစာမှာ နေအိမ်တွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ ဘာသာရေးအဆောက်အအုံတွေနဲ့ နေရပ်စွန့်ခွာထွက်ပြေးသူတွေ ခိုလှုံရာစခန်းတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပတ်သက်တဲ့ ယန္တရားရဲ့ စုံစမ်းစစ်ဆေးမှုတွေကို ဖော်ပြထားခဲ့တာပါ။

ယန္တရားရဲ့ စုံစမ်းစစ်ဆေးမှုတွေမှာတော့ သက်သေ ၇၅၀ ကျော်ရဲ့ ထွက်ဆိုချက်တွေအပါအဝင် ရင်းမြစ်ပေါင်း ၁,၆၀၀ ကျော်ကနေ ရရှိတဲ့ အချက်အလက်တွေအပြင် ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ၊ အသံဖိုင်တွေ၊ စာရွက်စာတမ်းတွေ၊ မြေပုံတွေ၊ ဂြိုဟ်တုပုံရိပ်တွေ၊ ဆိုရှယ်မီဒီယာပို့စ်တွေနဲ့ မှုခင်းဆေးပညာ အထောက်အထားတွေကိုလည်း အခြေခံထားတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) ကိုတော့ ၂၀၁၁ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံမှာ ကျုးလွန်တဲ့ အကြီးလေးဆုံးသော နိုင်ငံတကာရာဇဝတ်မှုနဲ့ တခြားသော နိုင်ငံတကာ ဥပဒေတွေ ချိုးဖောက်မှုတွေအတွက် အထောက်အထားတွေ စုဆောင်းဖို့နဲ့ စိစစ်သုံးသပ်နိုင်ဖို့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကနေ ၂၀၁၈ ခုနှစ်မှာ ဖွဲ့စည်းခဲ့တာပါ။

နိုင်ငံတွင်း၊ ဒေသတွင်းနဲ့ နိုင်ငံတကာတရားရုံးတွေမှာ လူပုဂ္ဂိုလ်တွေကို တရားစွဲဆိုရာမှာ အသုံးပြုနိုင်မဲ့ အထောက်အထားတွေကို ထိန်းသိမ်းစုစည်းကာ အမှုနဲ့ သက်ဆိုင်တဲ့ ဖိုင်တွဲတွေကို ပြင်ဆင်တာနဲ့ တရားမျှတမှု၊ တာဝန်ခံမှုတွေ ဖြစ်ထွန်းလာရေးကူညီဖို့အတွက် ရည်ရွယ်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013