DVB Logo
Home
နိုင်ငံရေး
မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံပွဲများ ဆက်တိုက် လုပ်ဆောင်မည်
သုတချမ်းသာ
·
July 12, 2026
မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံပွဲများ ဆက်တိုက် လုပ်ဆောင်မည်
1 / 3
၂၀၂၅ စက်တင်ဘာ ၂၀ ရက် နယူးယောက်မြို့၌ သံအမတ်ကြီးကို အားပေးထောက်ခံပွဲ။ (Photo : သုတချမ်းသာ)
Donate to DVB

ကုလသမဂ္ဂမှာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ရာထူးတာဝန်ဆက်ထိန်းနိုင်ရေး လူထုထောက်ခံပွဲတွေကို  စက်တင်ဘာလမှာ ဆက်တိုက်ဖော်ဆောင်သွားဖို့ နိုင်ငံတကာရောက်မြန်မာတွေ ပြင်ဆင်နေကြပါတယ်။

လာမဲ့ စက်တင်ဘာလ ကျင်းပမဲ့ ၈၁ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ နှစ်စဉ်ဆောင်ရွက်နေကျ လုပ်ငန်းစဉ်အတိုင်း သံတမန်အရည်အချင်း စိစစ်ရေးကော်မတီ (Credentials Committee) က နိုင်ငံအသီးသီးကို ကိုယ်စားပြုသံတမန်တွေဟာ ကုလသမဂ္ဂရဲ့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှု ရှိ၊ မရှိ ပြန်သုံးသပ်တော့မှာဖြစ်ပါတယ်။

အဲဒီအတွက် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်း ရာထူးတာဝန် ဆက်ထိန်းထားနိုင်ရေး လူထုထောက်ခံပွဲတွေကို နိုင်ငံတကာရောက်မြန်မာတွေက စက်တင်ဘာလ တလလုံးမှာ သက်ဆိုင်ရာနိုင်ငံတွေကနေတဆင့် အသီးသီးပြုလုပ်သွားဖို့ ပြင်ဆင်နေပါတယ်။ 

စက်တင်ဘာ ၁၉ ရက်မှာ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ် နေရာအနီးမှာ အဓိကကမ်ပိန်းပြုလုပ်မှာဖြစ်ပြီး ဥရောပ၊ အာရှ၊ ဩစတြေးလျနဲ့ နိုင်ငံတကာရောက်မြန်မာတွေက ကမ်ပိန်းတွေ ဆက်တိုက်ဖော်ဆောင်ဖို့ ဇူလိုင် ၁၂ ရက်နေ့မှာ ပြုလုပ်တဲ့ UN Credentials Campaign 2026 ဆိုင်ရာ မြန်မာ့အရေးဆောင်ရွက်သူတွေရဲ့ အစည်းအဝေးမှာ သတ်မှတ်ခဲ့ကြပါတယ်။

မြန်မာ့ဒီမိုကရေစီအရေးမဟာမိတ်များအဖွဲ့မှ မခင်သီရိနန္ဒာစိုးက “ကမ်ပိန်းကာလကိုလည်း စက်တင်ဘာလမှာ တလတိတိ သတ်မှတ်ပြီးတော့ အဓိကနေ့ ဒါကိုလည်းပဲ ၁၉ ရက်နေ့မှာ တကမ္ဘာလုံးအတိုင်းအတာနဲ့ ပြည်သူ့အသံတွေကို အင်အားရှိရှိ ပြင်းပြင်းထန်ထန် ဒီနှစ်မှာ ပိုပြီးတော့မှ အားစိုက်ပြီးတော့မှ ထုတ်ဖော်သွားဖို့ ရှိပါတယ်။ ပြည်သူကို သတ်နေတဲ့ စစ်အုပ်စုဟာ ပြည်သူ့ကိုယ်စားပြုမှုမရှိဘူး ဆိုတာကို သေချာထင်ပေါ်အောင် ပြောပြရမှာဖြစ်တယ်၊ ပြည်သူကို ကိုယ်စားပြုနိုင်တဲ့ ပြည်သူက ယုံကြည်တဲ့ ကိုယ်စားလှယ်ဟာလည်းပဲ သံအမတ်ကြီး ဦးကျော်မိုးထွန်း သာဖြစ်တယ်ဆိုတာကို ကျမတို့တွေက အဓိကထားပြီးတော့ သတင်းစကားတွေကို နိုင်ငံတကာအသိုက်အဝန်းကို ပေးပို့သွားဖို့အတွက် ဖြစ်ပါတယ်”လို့ ပြောပါတယ်။

ဒီနှစ်မှာ စစ်အာဏာရှင်က  အတုအယောင်ရွေးကောက်ပွဲကနေတဆင့် အရပ်သားအစိုးရ အသွင်ယူပြီး နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုကို လိမ်လည်ရယူဖို့ အားထုတ်နေတာပါ။ 

အိမ်နီးချင်း တရုတ်၊ အိန္ဒိယ၊ လာအိုနိုင်ငံ ခေါင်းဆောင်တွေရဲ့ အသိအမှတ်ပြု ဖိတ်ခေါ်ချက်တွေ ရထားသလို  Credentials Committee မှာ အမြဲတမ်းအဖွဲ့ဝင်ဖြစ်တဲ့ ရုရှားနိုင်ငံကလည်း စစ်အာဏာရှင်ကို ထောက်ခံတဲ့သဘောရှိတဲ့အတွက် သံအမတ်ကြီးဦးကျော်မိုးထွန်းရဲ့ ရာထူးနေရာဟာ ဒီနှစ်မှာ စိန်ခေါ်မှုကြီးမားနေပါတယ်။

NYCBCအဖွဲ့မှ  ဦးနေတင်မြင့်က “ဒီနှစ်မှာ ဘယ်လိုဖြစ်နိုင်တဲ့အခြေအနေတွေရှိလဲဆိုတော့ ကဏ္ဍ ၃ ခုပဲ ရှိပါတယ်၊ ရွေးတုအစိုးရက ကမ္ဘာကို လှည့်စားနေတယ်၊ လိမ်လည်နေတယ်၊ တရုတ်ကလည်း ထောက်ခံထားတယ်၊ အဲဒီအတွက် ရွေးတုအစိုးရက ခန့်အပ်ထားတဲ့ ကိုယ်စားလှယ်ကို Credentials Committee က လက်ခံမလား၊ ကျနော်တို့ စစ်မှန်သော အစိုးရကနေ ပေါ်ထွက်လာတဲ့ သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို အခုထက်ထိ ကုလသမဂ္ဂမှာ တရားဝင်အသိအမှတ်ပြုထားတယ်၊ အဲဒီက ခန့်အပ်ထားတဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းကို ဒီအတိုင်း ဆက်ထားမလား၊ နံပါတ် ၃ အချက်က ဟိုဘက်က ရွေးတုအစိုးရရဲ့ ကိုယ်စားလှယ်လည်း လက်မခံဘူး။ ကျနော်တို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ခန့်ထားတဲ့ ဦးကျော်မိုးထွန်းကိုလည်း လက်မခံဘဲနဲ့ လစ်လပ်နေရာအဖြစ် ထားမလားဆိုတာ ကဏ္ဍ ၃ ခုရှိပါတယ်၊ အဲဒါကို Credentials Committee က ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ အဓိက ကျနော်တို့ လိုချင်တာကတော့ အခုလည်း UN မှာ အသိအမှတ်ပြုထားတဲ့ သမ္မတကြီးဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်က ခန့်အပ်ထားတဲ့ ဦးကျော်မိုးထွန်း ဆက်လက်တည်ရှိရေးဟာ ကျနော်တို့အတွက် အဓိကဖြစ်ပါတယ်”လို့ ပြောပါတယ်။ 

ဒီနှစ်မှာ အိမ်နီးချင်းအာဆီယံနိုင်ငံတွေရဲ့ မြန်မာ့အရေးနဲ့ပတ်သက်တဲ့ သဘောထား၊ ဆောင်ရွက်ချက်၊ ဆုံးဖြတ်ချက်တွေဟာ ဦးကျော်မိုးထွန်းရဲ့ ရာထူးနေရာအပေါ်မှာ တိုက်ရိုက်သက်ရောက်မှု ရှိနေတဲ့အတွက် အာဆီယံနိုင်ငံရောက်မြန်မာတွေရဲ့ ရောက်ရှိရာနိုင်ငံ၊ အစိုးရတွေကို သတင်းစကားပေး စည်းရုံးနိုင်စွမ်းဟာလည်း အရေးပါနေပါတယ်။

ဒေသတွင်းအာဆီယံနိုင်ငံတွေထဲမှာ စစ်အာဏာသိမ်း အစောပိုင်းကာလကတည်းက ပြည်သူ့ဘက်က ရပ်တည်ခဲ့တဲ့ မလေးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင် စတဲ့ နိုင်ငံတွေကို ဦးစားပေး ချဉ်းကပ်ဖို့၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၊ ၈၁ ကြိမ်မြောက်ကုလအထွေထွေညီလာခံဥက္ကဋ္ဌ၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ကုလသမဂ္ဂအဖွဲ့ဝင် ၁၉၃ နိုင်ငံ အစိုးရတွေဆီကို သတင်းအချက်အလက် ပေးပို့ဖို့ စတာတွေကို မြန်မာ့အရေး ဆောင်ရွက်သူတွေက ပြင်ဆင်နေကြပါတယ်။

Learn and Share မှ ဦးကိုကိုလေးက “ကျနော်တို့အားလုံးရဲ့ ယူဆချက်မှာ အာဆီယံရဲ့ ဆုံးဖြတ်ချက်တွေက ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ UN ကမ်ပိန်းကို လာပြီး သက်ရောက်မယ်လို့ ကျနော်တို့အားလုံးက သုံးသပ်ကြတယ်၊ အဲဒီအတွက်ကြောင့် ဒီနှစ်မှာ အာဆီယံကမ်ပိန်းက အရမ်းအရေးကြီးတယ်ပေါ့ဗျာ၊ အရင်ကနှစ်တွေထက် အန္တရာယ်ရှိတယ်ဆိုတဲ့ အချက်မှာ စစ်တပ်ဘက်က ဘယ်လိုလှုပ်ရှားမှုလာမလဲဆိုတာ ကျနော်တို့ ကျနော်တို့ ဒီအထဲမှာ မဆွေးနွေးသေးဘူး၊ ဒီအနုတ်သဘောဆောင်တဲ့ လှုပ်ရှားမှုတွေနဲ့ ကျနော်တို့ကမ်ပိန်းကို လှည့်ပြီးတော့ ကြားသင်္ဘောဆိုက်သွားမဲ့ ကိစ္စတွေကလည်း ရှိသေးတယ်လို့ ကျနော့်အနေနဲ့ သုံးသပ်တယ်၊ အဲဒီအတွက်ကြောင့် ဗျူဟာရေးရာ Team အနေနဲ့ ဒီလိုဖြစ်လာရင် လျင်လျင်မြန်မြန် ထိထိမိမိ တုံ့ပြန်မှုလုပ်ရမှာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။

အဖွဲ့ဝင် ၉ နိုင်ငံပါဝင်တဲ့ ကုလ သံတမန်အရည်အချင်းစိစစ်ရေးကော်မတီ (UN Credentials Committee) မှာ အမေရိကန်၊ တရုတ်နဲ့ ရုရှားနိုင်ငံတို့က အမြဲတမ်းအဖွဲ့ဝင်တွေဖြစ်ပြီး ကျန် ၆ နိုင်ငံ နေရာတွေကတော့ အလှည့်ကျစနစ်နဲ့ ပါဝင်ကြရတာပါ။ 

သံအမတ်ကြီးဦးကျော်မိုးထွန်းဟာ စစ်အာဏာစသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီလကတည်းက ပြည်သူ့ဘက်က ရပ်တည်ခဲ့ပြီး ကုလသမဂ္ဂစင်မြင့်မှာ စစ်အာဏာရှင် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို စဉ်ဆက်မပြတ်တင်ပြခဲ့သူ ဖြစ်ပါတယ်။

အနီးကပ်ဆုံးအနေနဲ့ ဇူလိုင် ၆ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂညီလာခံမှာ စစ်ခေါင်းဆောင်ကို ဖမ်းဆီးရေး အဆိုပြုချက်တွေကို အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုတရားရုံး (ICC) က အလေးအနက်ထား ဆောင်ရွက်ဖို့ သံအမတ်ကြီးဦးကျော်မိုးထွန်းက တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013