
ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ပေးဖို့ အီရန်ကို အမေရိကန်က ခြိမ်းခြောက်ထားပြီး ပြေလည်မှုမရသေးပေမဲ့ အာရှနိုင်ငံတချို့ကတော့ အီရန်နဲ့ ညှိနှိုင်းထားနိုင်ပြီ ဖြစ်ပါတယ်။
ဖိလစ်ပိုင်၊ ပါကစ္စတန်၊ အိန္ဒိယနဲ့ တရုတ် အစရှိတဲ့ အာရှနိုင်ငံတချို့ဟာ သူတို့ရဲ့ ကုန်တင်သင်္ဘောတွေ ရေလက်ကြားကနေ ဖြတ်သန်းနိုင်ဖို့ အီရန်နဲ့ သဘောတူညီချက်တွေ ရယူထားပြီး ဖြစ်ပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ အီရန်က ရေလက်ကြားဖြတ်သန်းတဲ့ သင်္ဘောတွေကို တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ခဲ့တာကြောင့် ကမ္ဘာ့ရေနံဈေးကွက်မှာ ဂယက်ရိုက်ခတ်ခဲ့ပါတယ်။
အရှေ့အလယ်ပိုင်းကနေ ရေနံတင်သွင်းမှုကို အဓိကမှီခိုနေရတဲ့ ဖိလစ်ပိုင်နိုင်ငံဟာ ဧပြီ ၂ ရက်က အီရန်နဲ့ ဆွေးနွေးခဲ့ပြီးနောက် သင်္ဘောတွေ ဘေးကင်းလုံခြုံစွာ ဖြတ်သန်းခွင့်ရခဲ့ပါတယ်။
ဒီသဘောတူညီချက်ဟာ စွမ်းအင်နဲ့ မြေဩဇာ ရရှိရေးအတွက် အလွန်အရေးကြီးတယ်လို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး သီရီဆာလာဇာရိုက ပြောပါတယ်။
အလားတူပဲ ပါကစ္စတန် ကလည်း သူတို့ရဲ့ သင်္ဘော အစင်း ၂၀ ဖြတ်သန်းခွင့်ရပြီလို့ မတ်လ ၂၈ ရက်မှာ ကြေညာပါတယ်။
ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး အီရှက်ဒါ က “ဒါဟာ အီရန်ရဲ့ ကြိုဆိုရမယ့် အပြုသဘောဆောင်တဲ့ လုပ်ရပ်ဖြစ်ပြီး၊ ဆွေးနွေးညှိနှိုင်းမှုနဲ့ သံတမန်ရေးရာ နည်းလမ်းတွေကသာ ရှေ့ဆက်ရမဲ့ လမ်းကြောင်း ဖြစ်တယ်”လို့ ပြောပါတယ်။
အိန္ဒိယ၊ တရုတ်၊ ဂျပန်နဲ့ မလေးရှား နိုင်ငံတွေက သင်္ဘောတွေလည်း သံတမန်ရေးရာ ညှိနှိုင်းမှုတွေကြောင့် ဟော်မုဇ်ရေလက်ကြားကို ဘေးကင်းစွာ ဖြတ်သန်းနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ဒီသင်္ဘောတွေ ဖြတ်သန်းခွင့်ရဖို့ အီရန်ကို အခကြေးငွေ ပေးခဲ့ရသလား ဆိုတာနဲ့ ဒီသဘောတူညီချက်တွေက ဘယ်လောက်အထိ ခိုင်မာမှုရှိမလဲ ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။











