
ဖိလစ်ပိုင်နိုင်ငံ၊ ပါဆေးမြို့မှာ ဇူလိုင် ၂၁ ရက်က ကျင်းပခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးရဲ့ သီးသန့်ဆွေးနွေးပွဲမှာ မြန်မာ့အရေးဟာ အဓိက ဆွေးနွေးစရာထဲက တခုဖြစ်ခဲ့ပါတယ်။
အစည်းအဝေး သဘာပတိအဖြစ် ဆောင်ရွက်ခဲ့တဲ့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး မာထရီဆာ လာဇာရိုက အာဆီယံရဲ့ ဗဟိုချက်ကျမှုကို ထိန်းသိမ်းဖို့နဲ့ မြန်မာ့အရေးအတွက် ရေရှည်တည်တံ့တဲ့ ဖြေရှင်းချက်ရရှိဖို့ အဆိုပြုချက်တွေကို သတင်းစာရှင်းလင်းပွဲကတဆင့် ပြောကြားခဲ့ပါတယ်။
“ကျမရဲ့ ရှင်းလင်းတင်ပြချက်အပြီးမှာ ဘန်ကောက်မှာ တင်ပြခဲ့တဲ့ အဆိုပြုချက်တွေနဲ့ပတ်သက်ပြီး အခြားနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဦးစားပေး ဆွေးနွေးခဲ့ပါတယ်။ ဒီအထဲမှာ မြန်မာနိုင်ငံရဲ့ တိုးတက်မှုကို ဘယ်လိုအကဲဖြတ်နိုင်မလဲဆိုတဲ့ အာဆီယံအတွက် ချဉ်းကပ်ပုံတရပ်ကိုသာမက မြန်မာအတွက် အာဆီယံရဲ့ ရေရှည်အထူးကိုယ်စားလှယ်တယောက် ခန့်အပ်ဖို့လည်း ပါဝင်ပါတယ်။ ဒီအဆိုပြုချက်တွေ အောင်မြင်လာဖို့အတွက် ထွက်ပေါ်လာမဲ့ စာရွက်စာတမ်းတွေထဲမှာ ဘယ်လိုအဓိပ္ပာယ် ဖွင့်ဆိုကြမလဲ ဆိုတာကို ဆက်ဆွေးနွေးဖို့ လိုအပ်မယ်လို့ ကျမတို့ အဆင့်မြင့်အရာရှိတွေ၊ နိုင်ငံခြားရေးဝန်ကြီးတွေက သဘောတူညီခဲ့ကြပါတယ်။ ဒီအစည်းအဝေးတွေကနေပြီးတော့ မြန်မာနိုင်ငံအတွက် ရေရှည်တည်တံ့တဲ့ အဖြေတခုရရေး ကူညီပေးဖို့ဆိုတဲ့ ကတိကဝတ်အပေါ်မှာ အကောင်းမြင်ထားပါတယ်။ အဲဒီအဖြေဟာ မြန်မာကိုယ်တိုင် ပိုင်ဆိုင်ပြီး မြန်မာကိုယ်တိုင် ဦးဆောင်တဲ့ ဖြေရှင်းချက်ဖြစ်ရမှာ ဖြစ်သလို နောက်ဆုံးမှာ မြန်မာပြည်သူတွေနဲ့ ဒေသတခုလုံးကို အကျိုးပြုတဲ့အရာ ဖြစ်ရပါမယ်။”
အာဆီယံဘက်က အထူးကိုယ်စားလှယ်ကို တနှစ်တခါ အလှည့်ကျစနစ်အစား ရေရှည်ခန့်အပ်ဖို့ စဉ်းစားလာတာဟာ မြန်မာ့အရေးမှာ အာဆီယံရဲ့ မူဝါဒအပြောင်းအလဲတခုလို့ ဆိုရမှာပါ။
အာဆီယံအရေး ကျွမ်းကျင်သူ ဦးဝင်းမင်းကတော့ ဒီလို အထူးကိုယ်စားလှယ် ခန့်အပ်နိုင်ရင် မြေပြင်က အင်အားစုတွေနဲ့ ပိုမိုထိရောက်စွာ ချိတ်ဆက်နိုင်မယ်လို့ သုံးသပ်ပါတယ်။
“ဒီလိုမျိုး ခန့်အပ်လိုက်နိုင်ပြီ ဆိုလို့ရှိရင်တော့ မြန်မာ့အရေးကိုပဲ သီးသန့်ပေါ့။ ဘန်ကောက်မှာဖြစ်ဖြစ်၊ ချင်းမိုင်မှာဖြစ်ဖြစ်၊ ကွာလာလမ်ပူမှာဖြစ်ဖြစ်၊ ဂျကာတာမှာဖြစ်ဖြစ် မြန်မာ့တော်လှန်ရေး အင်အားစုတွေ၊ နိုင်ငံရေးအင်အားစုတွေကို နေ့စဉ်တွေ့ပြီးတော့ လုပ်ငန်းစဉ်တွေ နားထောင်တာပေါ့။ နွေဦးတော်လှန်ရေး အစုအဖွဲ့တွေကို တွေ့တာမျိုး ဖြစ်ရင်ဖြစ်မယ်။ ဒီ မြန်မာ့နိုင်ငံရေးကို အဖြေရှာဖို့အတွက် သက်ဆိုင်တဲ့ နိုင်ငံရေးပါတီတွေ၊ ပြည်တွင်းမှာ ရှိနေကြတဲ့ အစုအဖွဲ့တွေ၊ ဒီလိုမျိုးဟာတွေကို နိစ္စဓူဝတွေ့ဖို့၊ ရုံးခန်းဖွင့်ဖို့ (Coordination Office ဖွင့်တာ)၊ ဒီ Coordination Office မှာ ရှိနေကြတဲ့ လုပ်ငန်းစဉ်တွေကနေပြီးတော့ အသေးစိတ် မြန်မာ့အရေးကို ဆွေးနွေးတဲ့ လုပ်ငန်းစဉ်တွေ ရရှိနိုင်ဖို့ အသေးစိတ်လုပ်တဲ့ အလုပ်တွေတော့ မျှော်လင့်ရမယ်လို့ ထင်တယ်။ မြန်မာ့အရေး အာဆီယံ အထူးကိုယ်စားလှယ် ခန့်အပ်လိုက်တယ် ဆိုလို့ရှိရင်တော့ ဒီ အားလုံး ပါဝင်သင့်တယ်ဆိုတဲ့ Inclusive Political Process ၊ Inclusive Political Dialogue ကို ဖြစ်ပေါ်နိုင်ဖို့အတွက် အထောက်အပံ့ အမြန်ဖြစ်စေလိမ့်မယ်လို့တော့ ကျနော် မြင်ပါတယ်ခင်ဗျ။”
ဒါပေမဲ့ အာဆီယံရဲ့ ကြိုးပမ်းမှုတွေဟာ လက်တွေ့ မြေပြင်မှာ ဘယ်လောက် ထိရောက်မှုရှိသလဲ ဆိုတာကတော့ စိန်ခေါ်မှုတခု ဖြစ်နေဆဲပါ။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကတော့ အာဆီယံရဲ့ ဖိအားပေးမှုတွေအပေါ် စစ်အာဏာရှင်ဘက်က တုံ့ပြန်မှုမရှိရင် ပိုမိုပြင်းထန်တဲ့ အရေးယူမှုတွေ လိုအပ်တယ်လို့ ထောက်ပြပါတယ်။
“အာဆီယံသည် ဘုံသဘောတူညီချက် ၅ ရပ်ကို မြန်မာစစ်အုပ်စုက လိုက်နာဆောင်ရွက်ဖို့လို့ရော မြန်မာပြည်မှာ အကောင်အထည်ဖော်ဖို့လို့ရော ဆက်လက်ဖိအားပေးသွားမယ်၊ ရပ်တည်သွားမယ် ဆိုတာမျိုးတော့ ကျမတို့ မျှော်လင့်လို့ရတယ်။ သို့သော်လည်းပဲ ဒီရပ်တည်ချက်နဲ့ ဒီကိစ္စကို စစ်အုပ်စုက ဘယ်လိုတုံ့ပြန်မလဲပေါ့နော်။ အာဆီယံရဲ့ အဝန်းအဝိုင်းထဲကို စစ်အုပ်စုကနေပြီးတော့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ခြင်း၊ လိုက်နာဆောင်ရွက်ခြင်း မရှိဘူး ဆိုလို့ရှိရင် အာဆီယံအနေနဲ့ ဘယ်လို အရေးယူဆောင်ရွက်မလဲ၊ ဒီထက်ပိုပြီးတော့ ပြင်းထန်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဖို့ လိုတော့လိုတယ်။ အဲဒါကိုတော့ ကျမတို့ ဘယ်လောက်မျှော်လင့်လို့ ရမလဲပေါ့နော်။ အဲဒါကတော့ မေးခွန်းအဖြစ် ရှိနေပါသေးတယ်။”
အာဆီယံအနေနဲ့ မြန်မာ့အရေးအတွက် အထူးကိုယ်စားလှယ်အသစ် ခန့်အပ်ရေးနဲ့ လုပ်ငန်းစဉ် အသေးစိတ်တွေကို လာမဲ့ နိုဝင်ဘာလ ထိပ်သီးအစည်းအဝေးမှာ အတည်ပြုနိုင်ဖို့ ကြိုးပမ်းနေပါတယ်။
စစ်အာဏာရှင်ဘက်ကတော့ အာဆီယံရဲ့ ၅ ချက်ပါ သဘောတူညီချက်ကို ငြင်းပယ်ခြင်းမရှိဘူးလို့ ဆိုနေပေမဲ့ လက်တွေ့မှာတော့ ပူးပေါင်းဆောင်ရွက်မှု မရှိတာကြောင့် အာဆီယံရဲ့ ချဉ်းကပ်မှုအသစ်တွေဟာ မြန်မာ့အရေးကို တကယ်ပဲ အပြောင်းအလဲ ဖြစ်စေမလားဆိုတာ စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။











