
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ် ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် နှင်းဆီပန်းကိုင်ပြီး TikTok ဗီဒီယိုတင်ခဲ့တဲ့ အမျိုးသမီး တယောက်ကို စစ်အာဏာရှင်က ပုဒ်မ ၅၀၅(က)နဲ့ ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖမ်းဆီးခံရသူကတော့ အေးသာယာမြို့ ရပ်ကွက် (၂)၊ နယ်မြေ (၁) မှာ နေထိုင်တဲ့ အသက် ၃၄ နှစ်အရွယ် မနွယ် (ခ) နွယ်နွယ် ဖြစ်ပါတယ်။
ဇွန် ၁၉ ရက် မနက်ပိုင်းမှာ အနီရောင်ဝတ်စုံဝတ်ပြီး နှင်းဆီပန်းနီကိုင်ကာ "GZ တို့၏ တိုက်ပွဲခေါ်သံ" သီချင်းနဲ့ TikTok ဗီဒီယိုတင်ခဲ့ပြီး မကြာခင်မှာပဲ နေအိမ်ကို ရဲ၊ စစ်သားနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ ရောက်လာပြီး ဖမ်းဆီးသွားတာလို့ သိရပါတယ်။
ဒေသခံတယောက်က "အေးသာယာမှာ အသက်မပြည့်သေးတဲ့ ကလေးတွေ ပြည့်တန်ဆာခန်းမှာ ရောင်းစားခံရတာ၊ တရားမဝင်လောင်းကစားရုံတွေ ဖွင့်ထားတာတွေကို ထိထိရောက်ရောက် မကိုင်တွယ်ဘဲ TikTok ဗီဒီယိုတင်တဲ့ အမျိုးသမီးတယောက်ကိုတော့ ရဲ၊ စစ်သား၊ အုပ်ချုပ်ရေး အင်အား အများကြီးနဲ့ လာဖမ်းတာက လက်ခံရခက်တယ်။ တော်တော်အောက်တန်းကျ ယုတ်မာတဲ့ လုပ်ရပ်ပဲ" လို့ ပြောပါတယ်။
လက်ရှိမှာ မနွယ် (ခ) နွယ်နွယ်ကို အေးသာယာမြို့ရဲစခန်းမှာ ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့်ထားပြီး မိသားစုနဲ့လည်း တွေ့ခွင့်မပေးသေးဘူးလို့ သိရပါတယ်။
ဒေသခံတွေရဲ့ အဆိုအရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရှမ်းပြည်နယ်တောင်ပိုင်းမှာ လူမှုကွန်ရက်ပေါ် စစ်ကောင်စီကို ဝေဖန်တာ၊ ဆန့်ကျင်တဲ့ အကြောင်းအရာတွေ တင်တဲ့သူတွေ ဖမ်းဆီးအရေးယူခံရတဲ့ ဖြစ်စဉ်တွေ ဆက်တိုက် ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။
စစ်အာဏာရှင် မင်းအောင်လှိုင်ဟာ ဒီမိုကရေစီစနစ်သွားမယ်လို့ အကြိမ်ကြိမ်ပြောနေပေမဲ့ လက်တွေ့မှာတော့ ပြည်သူတွေဟာ လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်တွေဆုံးရှုံးနေဆဲဖြစ်ပြီး နှင်းဆီပန်းကိုင်ရုံနဲ့ ဖမ်းဆီးနေတာဖြစ်ပါတယ်။










