DVB Logo
Home
ဆောင်းပါး
မြန်မာ့ပြည်တွင်းစစ်ကနေ အသစ်ပေါက်ဖွားလာတဲ့ ဆေးခြောက်စီးပွားရေး
DVB
·
June 13, 2026
မြန်မာ့ပြည်တွင်းစစ်ကနေ အသစ်ပေါက်ဖွားလာတဲ့ ဆေးခြောက်စီးပွားရေး
Donate to DVB

မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးသမိုင်းဟာ အဓိကအားဖြင့် ဘိန်းနဲ့ပဲ အမြဲပတ်သက်နေခဲ့တာပါ။ မြန်မာ၊ လာအိုနဲ့ ထိုင်းနိုင်ငံတို့ ဆုံမှတ်ဖြစ်တဲ့ တောင်တန်းနယ်စပ်ဒေသ 'ရွှေတြိဂံ' ဟာ ဗြိတိသျှ ကိုလိုနီ အုပ်ချုပ်သူတွေက ဘိန်းလုပ်ငန်းကို အစိုးရလက်ဝါးကြီးအုပ်အဖြစ် လုပ်ကိုင်ခဲ့ကတည်းက မူးယစ်ဆေးဝါးတွေ ထုတ်လုပ်ခဲ့တဲ့ နေရာပါ။ လွတ်လပ်ရေးရပြီးနောက် ၁၉၅၀ ပြည့်လွန်နှစ်တွေမှာ ရှမ်းပြည်နယ်ထဲ ဆုတ်ခွာလာခဲ့တဲ့ ကူမင်တန် တရုတ်အမျိုးသားရေးတပ်တွေဟာ ပုဂ္ဂလိက မူးယစ်တပ်ဖွဲ့တွေရဲ့ ရှေ့ဆောင်တွေ ဖြစ်လာခဲ့ပါတယ်။

မူးယစ်ရာဇာ ခွန်ဆာဟာ လူအင်အား ၁၅,၀၀၀ ကို ကွပ်ကဲခဲ့ပြီး အမေရိကန်မှာ သုံးစွဲနေတဲ့ ဘိန်းဖြူ (ဟီးရိုးအင်း) ရဲ့ ၇၀ ရာခိုင်နှုန်းလောက်ကို တင်ပို့ဖြန့်ဖြူးခဲ့သူပါ။ ၁၉၉၆ ခုနှစ်မှာ လက်နက်ချပြီး ရန်ကုန်မှာ စစ်တပ်အစောင့်အရှောက်နဲ့ နေထိုင်ရင်း ဘဝနိဂုံးချုပ်ခဲ့ပါတယ်။

ဒါပေမဲ့ အခုတော့ ဆေးခြောက်က ဇာတ်လမ်းသစ်တပုဒ်ကို ရေးလာနေပါပြီ။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုနောက်ပိုင်းမှာ တနှစ်တည်းနဲ့ စီးပွားရေး ၁၈ ရာခိုင်နှုန်း ထိုးကျသွားပါတယ်။ ဒေါ်လာဈေးက တဒေါ်လာကို မြန်မာကျပ်ငွေ ၁,၃၃၀ ကနေ ၄,၅၀၀ ကျော်အထိ ထိုးတက်သွားခဲ့ပါတယ်၊၊ အိမ်ထောင်စု ၇၇ ရာခိုင်နှုန်းဟာ ဆင်းရဲမွဲတေမှု ဒါမှမဟုတ် ဆင်းရဲမွဲတေလုနီးပါး အခြေအနေကို တွန်းပို့ခံလိုက်ရတယ်။ အဲဒီအချိန်ကစလို့ အရင်က တခါမှ ဆေးခြောက်မစိုက်ခဲ့ဖူးတဲ့ ဒေသတွေမှာပါ ဆေးခြောက်တွေ စတင်ပျံ့နှံ့လာပါတယ်။ ၂၀၂၅ ခုနှစ်မှာ ဧရာဝတီသတင်းဌာနရဲ့ မှတ်တမ်းတင်ထားချက်အရ၊ အရင်က စပါး၊ ပဲနဲ့ ကွမ်းသီးတွေနဲ့ နာမည်ကြီးတဲ့ စစ်ကိုင်းတိုင်းထဲက အရာတော်နဲ့ မြင်းမူမြို့နယ်က ကျေးရွာတွေဟာ ၂၀၂၂-၂၃ ခုနှစ်လောက်ကစပြီး ဆေးခြောက်စိုက်ပျိုးရေးကို ပြောင်းလဲလုပ်ကိုင်လာကြပါတယ်။

မြင်းမူက တောင်သူတယောက်က စရိတ်စကကို အခုလို တွက်ပြပါတယ်။ "ကွမ်းပင် ၁,၀၀၀ စိုက်ရင် ကျပ် သိန်း ၃၀ လောက် ကုန်တယ်။ ဒါပေမဲ့ ဈေးကွက်ထဲမှာ ကွမ်းသီးတပိဿာမှ ၂ သောင်းပဲ ရတယ်။ ဆေးခြောက်ကကျတော့ တပင်စိုက်ရင် ကျပ် ၃,၀၀၀ ကနေ ၃,၅၀၀ လောက်ပဲ ကုန်တယ်။ အခြောက်ခံပြီးသား အဖူးနဲ့ အရွက် တပိဿာကို ကျပ် ၈ သိန်းအထိ ရတယ်"။

ကျပ် ၈ သိန်း နဲ့ ၂ သောင်းဆိုတဲ့ ကွာဟချက်

စစ်ကိုင်းတိုင်းက ဆေးခြောက်နဲ့ ကွမ်းသီး တပိဿာဈေးနှုန်း ကွာဟချက်ဟာ အဆ ၄၀ တောင် ရှိနေပြီး၊ ဒါကပဲ တောင်သူတွေကို မျိုးဆက်ချီ စိုက်လာတဲ့ သီးနှံတွေကနေ စွန့်ခွာသွားစေခဲ့တာပါ။

ဒါဟာ မြန်မာနိုင်ငံနဲ့ တခြားနိုင်ငံနှစ်ခု  (လက်ဘနွန်နဲ့ အာဖဂန်နစ္စတန်) ကြားက အလွန်အရေးကြီးတဲ့ ကွာခြားချက်ပါ။ လက်ဘနွန်နဲ့ အာဖဂန်မှာက ဆေးခြောက်စိုက်တာ ရာစုနှစ်ချီ ကြာနေပြီဖြစ်ပြီး ဒေသယဉ်ကျေးမှုနဲ့ပါ ခွဲမရအောင် ယှက်နွယ်နေတာပါ။ မြန်မာနိုင်ငံမှာကတော့ နိုင်ငံတော် ယန္တရား ပြိုလဲမှုကြောင့် ရှင်သန်ရပ်တည်နိုင်ဖို့အတွက် ပေါ်ပေါက်လာတာဖြစ်ပါတယ်၊၊ မူးယစ်ဆေးစိုက်ပျိုးတာနဲ့ သမိုင်းကြောင်းအရ ဘာမှမပတ်သက်ခဲ့ဖူးတဲ့ ဗမာအများစု နေထိုင်တဲ့ မြေပြန့်ဒေသတွေမှာပါ ပျံ့နှံ့လာတာပါ။

စစ်ကိုင်းဟာ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေတဲ့ အချက်အချာနေရာဖြစ်ပြီး လက်နက်ကိုင်အဖွဲ့မျိုးစုံ အာဏာစက်ပြိုင်ဆိုင်နေတဲ့ ပြည်တွင်းစစ် ပြင်းထန်ရာ ဒေသပါ။ အရာတော်မြို့နယ်က အုပ်ချုပ်ရေး တာဝန်ရှိသူ တယောက်က သူတို့လည်း မတတ်နိုင်ဘူးဆိုတာကို အခုလို ဝန်ခံပါတယ်။

"၂၀၂၃ တုန်းက တောင်သူတွေကို ပညာပေးတာတွေ၊ ဆက်စိုက်ရင် ဥပဒေအရ အရေးယူမယ်ဆိုတာတွေ လုပ်ခဲ့တယ်။ စိုက်ခင်းတွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်။ ဒါပေမဲ့ သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့တွေနဲ့ ပွတ်တိုက်မှု ဖြစ်လာနိုင်တဲ့အတွက် ပြတ်ပြတ်သားသား အရေးယူတာမျိုးတော့ မလုပ်နိုင်ခဲ့ဘူး။" အုပ်ချုပ်မှု လေဟာနယ်ဖြစ်နေတာက အဓိက အပြောင်းအလဲပါပဲ။

ကယား (ကရင်နီ) ပြည်နယ်မှာဆိုရင် ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) က သူတို့ ထိန်းချုပ်နယ်မြေမှာ မြန်မာနိုင်ငံရဲ့ ပထမဆုံး ဆေးခြောက်အရောင်းဆိုင်လို့ ယူဆရတဲ့ "De Culture Cannabis" ကို ဖွင့်ခွင့်ပြုထားပါတယ်။ တချိန်တည်းမှာပဲ ပြည်ပကနေဖြစ်စေ၊ တော်လှန်ရေး ကွန်ရက်တွေကနေဖြစ်စေ လှုပ်ရှားနေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ ခွင့်ပြုချက်မရှိဘဲ စိုက်ပျိုးရင် ဥပဒေအရ အရေးယူမယ်လို့ ခြိမ်းခြောက်ထားပေမဲ့ မြေပြင်မှာ လက်တွေ့အရေးယူနိုင်စွမ်း အားနည်းနေပါတယ်။ မြို့နယ်အဆင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေနဲ့ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့တွေကလည်း စိုက်ပျိုးသူတွေကို အရေးယူတာမျိုး သိပ်မရှိသလောက်ပါပဲ။ ရလဒ်ကတော့ သူတလူငါတမင်းနဲ့ ဘယ်သူကမှ တရားဥပဒေစိုးမိုးရေးကို လုပ်နိုင်စွမ်း (သို့) လုပ်ချင်စိတ် မရှိတဲ့ကြားကနေ ဆေးခြောက်က အစားထိုး ဝင်ရောက်လာတာပါဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ပိုမိုကျယ်ပြန့်တဲ့ မူးယစ်ဆေး မြင်ကွင်းကြီးက ဆေးခြောက်ဇာတ်လမ်းကိုတောင် သေးငယ်သွားစေပါတယ်။ ၂၀၂၅ ခုနှစ်မှာ ဘိန်းစိုက်ပျိုးမှုဟာ ဟက်တာ ၅၃,၁၀၀ (၁၀ နှစ်အတွင်း အမြင့်ဆုံး) အထိ ရှိလာပြီး တန်ချိန် ၁,၀၁၀ ခန့် ထွက်ရှိခဲ့ပါတယ်။ ဒါဟာ တာလီဘန်တွေ ပိတ်ပင်လိုက်ပြီးနောက်ပိုင်း အာဖဂန်နစ္စတန်ရဲ့ ထုတ်လုပ်မှုထက် ၂ ဆကျော် ပိုများပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ တရားမဝင် ဘိန်းအများဆုံး ထုတ်လုပ်တဲ့ နိုင်ငံ ဖြစ်လာပါတယ်။ ၂၀၂၄ ခုနှစ်အတွင်း အရှေ့တောင်အာရှတခွင် ဖမ်းဆီးရမိတဲ့ မက်သာဖက်တမင်း စိတ်ကြွမူးယစ်ဆေးဝါးဟာ တန်ချိန် ၂၃၆ တန် ကျော်လွန်ခဲ့ပြီး၊ အများစုက ရှမ်းပြည်နယ်က စက်ရုံတွေကနေ လာတာပါ။

စာရေးဆရာ ပက်ထရစ်ဝင်းက The Diplomat ကို ဖြေကြားတဲ့ အင်တာဗျူးမှာ လူအင်အား ၃၀,၀၀၀ ရှိတဲ့ 'ဝ' ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ကို 'မူးယစ်နိုင်ငံတော် (a narco-state)' လို့တောင် ခေါ်ဝေါ်ခဲ့ပါတယ်။ "ဆော်ဒီအာရေဗျကို ရေနံနိုင်ငံတော် (petro-state) လို့ ခေါ်တာထက် ပိုပြီး ရှုတ်ချချင်တဲ့ သဘောနဲ့ ပြောတာတော့ မဟုတ်ပါဘူး" လို့ သူက ဆိုပါတယ်။ သူတို့ဟာ အခကြေးငွေယူပြီး တရုတ်ဂိုဏ်းတွေ ဖွင့်ထားတဲ့ မူးယစ်ဆေး (meth) စက်ရုံတွေကို လက်ခံထားတာပါ။ 

"သူတို့ခေါင်းဆောင်တချို့ကို အမေရိကန် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအေဂျင်စီ (DEA) က အလိုရှိနေတာ မှန်ပေမဲ့၊ သူတို့ကိုယ်တိုင်က ကျန်းမာရေး၊ စိုက်ပျိုးရေးနဲ့ ဘဏ္ဍာရေး ဌာနတွေအပြည့်အစုံနဲ့ အစိုးရတရပ်လို လည်ပတ်နေတာပါ" လို့ ပက်ထရစ်ဝင်းက ထပ်လောင်းပြောပါတယ်။

ဒါပေမဲ့ အဲဒီ ရှင်သန်ရပ်တည်ရေး စီးပွားရေးဆိုတဲ့ အခြေအနေကို အကောင်းဆုံးနဲ့ အထိရောက်ဆုံး သရုပ်ဖော်ပြနေတာကတော့ ဘိန်းစိုက်တောင်သူတွေရဲ့ အတွေ့အကြုံပါပဲ။

ရှမ်းပြည်နယ်က ပအိုဝ်းတိုင်းရင်းသား တောင်သူ ခွန်အောင်ဝင်းက နှလုံးနာစရာ ပြောစကားတခုနဲ့ ပုံဖော်ခဲ့တာကို သုတေသီ ပက်ထရစ်မီဟန်က Journal of Agrarian Change မှာ မှတ်တမ်းတင်ထားပါတယ်။ 

"အခု ပင်လောင်းက ရွာတွေမှာ ပြောစကားတခု ရှိလာတယ်။ လယ်သမားတယောက်ဟာ သူ့လယ်ကို ငါးခါ ထွန်ရတယ်။ တကြိမ်က မြန်မာစစ်တပ်အတွက်၊ တကြိမ်က လက်နက်ကိုင်အဖွဲ့တွေအတွက်၊ တကြိမ်က ပြည်သူ့စစ်တွေအတွက်၊ တကြိမ်က ရွာက သူဌေးတွေအတွက်၊ နောက်ဆုံး တကြိမ်ကျမှ သူ့မိသားစုအတွက်တဲ့"။ အဲဒီ ကလေးတွေ စားဝတ်နေရေးအတွက် နောက်ဆုံးထွန်ယက်ရတဲ့ ၅ ကြိမ်မြောက် ထွန်ယက်မှုဟာ တောင်သူတွေအတွက် ရှင်သန်ရပ်တည်ရေး စီးပွားရေးရဲ့ အနှစ်သာရဖြစ်ပါတော့တယ်။

ရိုလန်ဒို ဂါစီယာ

Ref: High Times  

(High Times သတင်းဝက်ဘ်ဆိုက်တွင် Rolando García ရေးသားထားသည့် “ Myanmar’s Civil War Is Growing a Cannabis Economy from Scratch” ဆောင်းပါးကို ကောက်နုတ် ဘာသာပြန်ဆိုဖော်ပြသည်။) 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013