
အီတလီနိုင်ငံရဲ့ စစ်ဘက်ဆိုင်ရာ ရဲတပ်ဖွဲ့ဟာ နေးပယ်လ်စ်ဒေသက ဒုစရိုက်ဂိုဏ်းတွေနဲ့ မူးယစ်ဆေးဝါး မှောင်ခိုကွန်ရက်တွေကို ပစ်မှတ်ထားပြီး စက်တင်ဘာ ၂၁ ရက်က အကြီးစား စစ်ဆင်ရေးတခုအတွင်း လူပေါင်း ၃၄ ယောက်ကို ဖမ်းဆီးခဲ့ကြောင်းနဲ့ အိမ်နံရံထဲမှာ ဖွက်ထားတဲ့ သန်းနဲ့ချီတဲ့ ယူရိုငွေတွေကိုလည်း သိမ်းဆည်းခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
နေးပယ်လ်စ် တရားသူကြီးရဲ့ အမှုရင်မဆိုင်ခင် ဖမ်းဆီးချုပ်နှောင်မိန့်အရ ကက်စ်တယ်လ်ယို ဒီ ချီစတာနာ စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ ခိုင်ဗာနိုးနဲ့ ကာဇောရီးယား မြို့နယ်ရဲတပ်ဖွဲ့တွေက ဒီစစ်ဆင်ရေးကို ဦးဆောင်ခဲ့တာပါ။
သံသယရှိသူတွေကို မာဖီးယားဂိုဏ်းဖွဲ့မှု၊ မူးယစ်ဆေးဝါး မှောင်ခိုကူးမှု၊ ငွေညှစ်မှုနဲ့ ရောင်းချဖို့ မူးယစ်ဆေးဝါး လက်ဝယ်ထားရှိမှုတွေနဲ့ စုံစမ်းစစ်ဆေးနေတာဖြစ်ကြောင်း စုံစမ်းစစ်ဆေးသူတွေက ဆိုပါတယ်။
သံသယရှိသူ ၂၃ ယောက်ကို ထောင်ထဲမှာ အချုပ်ချထားပြီး ကျန် ၁၁ ယောက်ကိုတော့ နေအိမ်အကျယ်ချုပ် အမိန့်ထုတ်ပြန်ထားပါတယ်။
ရှာဖွေစစ်ဆေးချိန်အတွင်း နေအိမ်တအိမ်ရဲ့ နံရံတွေထဲမှာ ဝှက်ထားတဲ့ ယူရို ၃ ဒသမ ၂ သန်းကျော် တန်ဖိုးရှိ ငွေသားတွေအပြင် တန်ဖိုးကြီး အဖိုးတန်နာရီတွေကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့ အစိုးရရှေ့နေက ပြောပါတယ်။
ဒီစုံစမ်းစစ်ဆေးမှုဟာ နေးပယ်လ်စ် မြို့ပြဧရိယာအတွင်း လှုပ်ရှားနေတဲ့ ဒုစရိုက်ဂိုဏ်းတွေကို နှိမ်နင်းဖို့ ဆက်တိုက်ဆောင်ရွက်နေတဲ့ ကြိုးပမ်းမှုတွေရဲ့ အစိတ်အပိုင်းတခုဖြစ်ကြောင်း အီတလီ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
Source: Reuters











