ဖျက်ဆီးပစ်မဲ့ မူးယစ်ဆေးဝါး မက်ထရစ်တန်ချိန် ၄၅ တန် တင်ဆောင်ထားတဲ့ အမေရိကန်လေတပ် လေယာဉ်တစင်းဟာ စက်တင်ဘာ ၂၉ ရက်မှာ ကော့စတာရီကာ နိုင်ငံကနေ ထွက်သွားပါတယ်။
အမေရိကန်နဲ့ “အမေရိက ဒိုင်းလွှား” လို့ နာမည်ပေးထားတဲ့ မဟာမိတ်အဖွဲ့ဝင် တခြားနိုင်ငံတွေရဲ့ ပံ့ပိုးကူညီမှုနဲ့ ဆောင်ရွက်ခဲ့တဲ့ စစ်ဆင်ရေး အမျိုးမျိုးအတွင်း သိမ်းဆည်းရမိခဲ့တဲ့ ကိုကင်း မူးယစ်ဆေးဝါးတွေကို တင်ဆောင်ရင်း C-17 စစ်ဘက်ဆိုင်ရာ လေယာဉ်တစင်းဟာ စန်ဟိုဆေးမြို့ရဲ့ အနောက်မြောက်ဘက် ကီလိုမီတာ ၂၀ အကွာရှိ အလာဟွေလာမြို့ ကနေ ထွက်သွားခဲ့တယ်လို့ ကော့စတာရီကာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒီစစ်ဆင်ရေးဟာ ရာဇဝတ်ဂိုဏ်းတွေရဲ့ လက်ထဲကို မရောက်အောင် တားဆီးနိုင်ခဲ့တဲ့ တန်ဖိုးအားဖြင့် ဒေါ်လာ ၁ ဒသမ ၂၅ ဘီလီယံကျော်ရှိတဲ့ မူးယစ်ဆေးဝါးတွေကို ကိုယ်စားပြုတယ်လို့ ထုတ်ပြန်ချက်မှာ ရေးပါတယ်။
အမေရိကန်ရဲ့ မြေပြင်စစ်ဆင်ရေးတွေက အမေရိကတိုက်အလယ်ပိုင်းက ကော့စတာရီကာနိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို အားကောင်းစေနိုင်တယ်လို့ သမ္မတ လော်ရာဖာနန်ဒက်ဇ်က စက်တင်ဘာ လ အစောပိုင်းမှာ ရိုက်တာသတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောပါတယ်။
အမေရိကန်အစိုးရနဲ့ တိကျသေချာတဲ့ လုပ်ငန်းစဉ် တစုံတရာ စတင်ဆောင်ရွက်နေတာ မရှိသေးဘဲ အဲဒီလို လုပ်ဆောင်ချက်မျိုးအတွက် လွှတ်တော်ရဲ့ အတည်ပြုချက်လိုမယ်လို့ သူက အလေးပေးပြောပါတယ်။
ကော့စတာရီကာနဲ့ အမေရိကန်နိုင်ငံတို့ဟာ ပင်လယ်ပြင် ပူးတွဲကင်းလှည့်တာ အပါအဝင် လုံခြုံရေးကိစ္စတွေကို နှစ်တွေချီပြီး ပူးပေါင်းဆောင်ရွက်ဖူးပါတယ်။
မေလမှာ ရာထူးစယူခဲ့တဲ့ လက်ယာယိမ်းနိုင်ငံရေးသမား ဖာနန်ဒက်ဇ်ဟာ ပြစ်မှုကျူးလွန်မှုတွေကို အပြင်းအထန် တိုက်ဖျက်မဲ့ မူဝါဒနဲ့ မဲဆွယ်စည်းရုံးခဲ့တာပါ။
မူးယစ်ဆေးဝါးမှောင်ခိုကူးမှုနဲ့ အကြမ်းဖက်မှုတွေ မကြာသေးမီနှစ်တွေအတွင်း မြင့်တက်လာခဲ့တဲ့ နိုင်ငံမှာ တရားဥပဒေစိုးမိုးရေးကို ပြန်ထိန်းသိမ်းမယ်လို့ ကတိပြုခဲ့ပါတယ်။
၂၀၂၃ ခုနှစ်မှာ နိုင်ငံတွင်း လူသတ်မှုနှုန်းက လူဦးရေ တသိန်းမှာ ၁၇ ဒသမ ၂ ယောက်အထိ စံချိန်တင်မြင့်တက်ခဲ့ပြီး၊ လွန်ခဲ့တဲ့ဆယ်စုနှစ်က ရှိခဲ့တဲ့ နှုန်းထားထက် ၂ ဆပိုများနေပါတယ်။
Source: Reuters










