
တောင်ကိုးရီးယားသမ္မတ အီဂျယ်မြောင်ဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးအတွက် မြောက်ကိုရီးယားနဲ့ ဆွေးနွေးဖို့ သြဂုတ် ၁၅ ရက်မှာ တောင်းဆိုလိုက်ပြီး ဆိုးလ်ဟာ ပဋိပက္ခတွေကို တားဆီးဖို့အတွက် အကာအကွယ်တွေ ရှာဖွေသွားမှာဖြစ်သလို ကိုရီးယားကျွန်းဆွယ်ရဲ့ စစ်ပြေငြိမ်းရေး သဘောတူညီချက် နေရာမှာ "ငြိမ်းချမ်းရေးစနစ်" တခုနဲ့ အစားထိုးဖို့ လိုအပ်တယ် လို့ ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။
ဂျပန်ကိုလိုနီအုပ်ချုပ်မှုအောက်ကနေ ကိုရီးယားလွတ်မြောက်ရေး နှစ်ပတ်လည်နေ့ မိန့်ခွန်းမှာ သမ္မတ အီဂျယ်မြောင်က ကိုရီးယား ၂ နိုင်ငံ အတူယှဉ်တွဲနေထိုင်နိုင်ရေးအတွက် မဖြစ်မနေ တွေ့ဆုံ ဆွေးနွေးသင့်တယ်လို့ ထည့်သွင်းပြောကြားခဲ့တာပါ။
အချင်းချင်း ခြိမ်းခြောက်နေတာတွေကို စွန့်လွှတ်ပြီး နှစ်ရှည်လများ ဖြစ်ပွားနေတဲ့ ဒီစစ်ပွဲကို အဆုံးသတ်နိုင်ဖို့ သက်ဆိုင်သူတွေကြား တိုက်ရိုက်တွေ့ဆုံဆွေးနွေးကြဖို့လည်း သမ္မတ အီက တိုက်တွန်းထားပါတယ်။
ဒီလို တွေ့ဆုံဆွေးနွေးတာဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယားစွမ်းရည် တိုးတက်လာမှုကို ထိန်းချုပ်နိုင်မဲ့ ထိရောက်တဲ့ နည်းလမ်းတွေကိုလည်း ဖော်ထုတ်ပေးနိုင်လိမ့်မယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် တင်းမာမှုတွေကို ထိန်းချုပ်မဲ့စနစ်တွေနဲ့ ပဋိပက္ခ အရှိန်မြင့်မလာအောင် တားဆီးပေးမဲ့ အကာအကွယ်စနစ်တွေကို ထူထောင်သွားမယ်လို့လည်း ဆိုပါတယ်။
လက်ရှိမှာ တောင်ကိုရီးယားဟာ ရန်လိုမှုတွေနဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေကြား ပိတ်မိနေပြီး၊ ဒါဟာ ပြည်သူတွေရဲ့ စွမ်းဆောင်ရည်ကို အပြည့်အဝ မထုတ်ဖော်နိုင်အောင် တားဆီးနေတာလို့ သမ္မတ အီ က ထောက်ပြသွားပါတယ်။
လက်ရှိမှာတော့ တောင်နဲ့မြောက် ကိုရီးယား ၂ နိုင်ငံဆက်ဆံရေးဟာ ဆက်လက် အေးစက်နေဆဲ ဖြစ်ပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းကတော့ ပြန်လည်ပေါင်းစည်းရေး မူဝါဒကို စွန့်လွှတ်ခဲ့ပြီးတော့ တောင်ကိုရီးယားကို အဓိကရန်သူအဖြစ် သတ်မှတ်ကာ ရှေ့တန်းစစ်မျက်နှာပြင် ကာကွယ်ရေးတွေကို ပိုမိုတိုးမြှင့်ဖို့ အမိန့်ပေးထားတာပါ။
တချိန်တည်းမှာပဲ ဂျပန်နိုင်ငံနဲ့ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး သမ္မတ အီဂျယ်မြောင်က အတိတ်က ဖြစ်ရပ်တွေကို ရင်ဆိုင်ဖြေရှင်းရင်း အနာဂတ်အတွက် လမ်းဖွင့်ထားဖို့ တောင်းဆိုခဲ့ပါတယ်။
ဂျပန်နိုင်ငံကို "နီးစပ်ပေမဲ့ အလှမ်းဝေးတဲ့ အိမ်နီးချင်း" မဟုတ်ဘဲ "နီးစပ်ပြီး ပိုရင်းနှီးတဲ့ အိမ်နီးချင်း" အဖြစ် ပိုမိုနက်ရှိုင်းတဲ့ ယုံကြည်မှု တည်ဆောက်ကာလာမဲ့ နှစ်ပေါင်း ၆၀ တွင်း ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးတွေကို အတူတကွ စတင်နိုင်ဖို့ မျှော်လင့်ကြောင်း ပြောကြားသွားပါတယ်။
Source:Reuters











