အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် အစိုးရဟာ မြန်မာစစ်အာဏာရှင် အစိုးရနဲ့ တိုက်ရိုက်ဆွေးနွေးမှုတွေ စတင်နေကြောင်း အမေရိကန်အရာရှိတွေနဲ့ ဒီဆက်သွယ်မှုအကြောင်း သိရှိသူတွေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ဒါဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာစစ်ခေါင်းဆောင်တွေကို နိုင်ငံတကာမှာ အထီးကျန်စေဖို့ ဝါရှင်တန်က ကြိုးပမ်းခဲ့တဲ့ မူဝါဒကို သိသိသာသာ ပြောင်းလဲလိုက်တာလည်း ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထောက်လှမ်းရေးနဲ့ သုတေသနဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ဗန့်စ်ဟာ ဒီဆက်သွယ်မှုမှာ အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့ပါတယ်။
အမေရိကန်နိုင်ငံသားတွေကို ပစ်မှတ်ထားတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းစခန်းတွေ ပိတ်သိမ်းရေးကို အဓိကထား ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီဆက်သွယ်မှုတွေကနေ မြန်မာနိုင်ငံရဲ့ မြေရှားသတ္တုသိုက်တွေကိစ္စ အပါအဝင် ပိုမိုကျယ်ပြန့်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေအထိ တိုးတက်လာနိုင်တယ်လို့ မူဝါဒအပြောင်းအလဲကို သိရှိထားတဲ့ လက်ရှိနဲ့ အငြိမ်းစားအရာရှိတွေ အပါအဝင် သတင်းရင်းမြစ် ၇ ယောက်က ပြောပါတယ်။
စက်တင်ဘာ ၁၅ ရက်နဲ့ ၁၆ ရက်မှာ မိုက်ကယ်ဗန့်စ်ဟာ မြန်မာနိုင်ငံမြို့တော် နေပြည်တော်မှာ အာဏာသိမ်း စစ်ခေါင်းဆောင်ကနေ သမ္မတ အသွင်ပြောင်းထားတဲ့ မင်းအောင်လှိုင်နဲ့ ဆွေးနွေးမှုတွေမှာ ပါဝင်ခဲ့ပါတယ်။
ဒီတွေ့ဆုံမှုရဲ့ ရည်ရွယ်ချက်က အဖမ်းခံထားရတဲ့ အမေရိကန်စီးပွားရေးလုပ်ငန်းရှင် အဒမ် ကက်စတီလို ပြန်လည်လွတ်မြောက်ရေး ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီတွေ့ဆုံမှုကနေ နှစ်နိုင်ငံကြား နောက်ထပ်ဆက်ဆံရေးတိုးမြှင့်ဖို့ လမ်းပွင့်သွားတယ်လို့ သတင်းရင်းမြစ်လေးယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့လက တွေ့ဆုံမှုဟာ စစ်အာဏာသိမ်းမှုနောက်ပိုင်း အမေရိကန်နဲ့ မြန်မာစစ်ခေါင်းဆောင်တွေကြား အဆင့်အမြင့်ဆုံး ဆက်သွယ်မှု ဖြစ်ပါတယ်။
ဒါဟာ ထရမ့်ပ်အစိုးရရဲ့ နိုင်ငံခြားရေးမူဝါဒက ဒီမိုကရေစီမြှင့်တင်ရေးကို ဦးစားပေးရာကနေ အပြန်အလှန် အကျိုးစီးပွား အခြေခံတဲ့ ဆက်ဆံရေးဘက်ကို ပိုမိုဦးတည်လာတာကို ပြသနေပါတယ်။
ဗန့်စ်ဟာ ဩဂုတ်လမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထောက်လှမ်းရေးဆိုင်ရာ အကြီးအကဲအဖြစ် အတည်ပြုခန့်အပ်ခံခဲ့ရသူ ဖြစ်ပါတယ်။
မြန်မာစစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှုမှာ သူကိုယ်တိုင် ပါဝင်ခဲ့တာနဲ့ မြန်မာနိုင်ငံအပေါ် အမေရိကန်မူဝါဒမှာ ဆက်လက်ပါဝင်နေတဲ့ အခန်းကဏ္ဍကို အခုမှ ပထမဆုံးအကြိမ် သတင်းဖော်ပြနိုင်တာ ဖြစ်ပါတယ်။
မင်းအောင်လှိုင်ကို အမေရိကန်က ဆက်လက်အရေးယူပိတ်ဆို့ထားဆဲ
စစ်အာဏာရှင် မင်းအောင်လှိုင်ဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုကို ဆက်လက်ခံနေရဆဲ ဖြစ်ပါတယ်။
အဲဒီထဲမှာ ၂၀၁၆ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ ရိုဟင်ဂျာမွတ်စလင် သိန်းနဲ့ချီ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတာနဲ့ နေရပ်ကနေ မောင်းထုတ်ခံရတာတွေလည်း ပါဝင်ပါတယ်။ ဒီဖြစ်ရပ်တွေကို အမေရိကန်အစိုးရက လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် သတ်မှတ်ထားပါတယ်။
ဗန့်စ်ရဲ့ခရီးစဉ်အပြီး နှစ်ပတ်တောင်မပြည့်ခင်မှာပဲ စစ်အာဏာရှင်တပ်က ရခိုင်ပြည်နယ်က လူစည်ကားတဲ့ ဈေးတခုကို လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် လူ ၅၀ ကျော် သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးအရာရှိတွေက ပြောပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အမေရိကန်ရဲ့ အကျိုးစီးပွားနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေမှာ မြန်မာနိုင်ငံက အဖွဲ့အစည်းအားလုံးနဲ့ ဆက်ဆံနေတယ်လို့ ပြောပါတယ်။ အဲဒီလို ဆက်ဆံရာမှာ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ လိုအပ်ကြောင်းလည်း တင်ပြနေတယ်လို့ ဆိုပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တော်မီပီဂေါ့က “ပြဿနာတွေကို မျက်ကွယ်ပြုထားရုံနဲ့ ဖြေရှင်းလို့မရပါဘူး။ ပြဿနာတွေကို ရင်ဆိုင်ကိုင်တွယ်မှပဲ ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်” လို့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။
စစ်တပ်ကျောထောက်နောက်ခံပြု အာဏာရှင်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူကို မှတ်ချက်တောင်းခံခဲ့ပေမဲ့ တုံ့ပြန်ခြင်း မရှိပါဘူး။
မင်းအောင်လှိုင်ကတော့ ရွေးကောက်ပွဲ မဲမသမာမှုတွေ ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်အာဏာသိမ်းမှုကို ခုခံကာကွယ်ခဲ့ပြီး သူ့ကို ဆန့်ကျင်သူတွေကိုလည်း အကြမ်းဖက်သမားတွေအဖြစ် သတ်မှတ်ထားပါတယ်။
အခုအခါမှာတော့ သူ ဦးဆောင်နေတဲ့ အမည်ခံအရပ်သားအစိုးရအတွက် နိုင်ငံတကာရဲ့ တရားဝင်အသိအမှတ်ပြုမှု ရရှိဖို့ ကြိုးပမ်းနေပါတယ်။
လက်ရှိနဲ့ အငြိမ်းစား အမေရိကန်အရာရှိတွေရဲ့ ပြောကြားချက်အရ ဗန့်စ်ဟာ မြန်မာနိုင်ငံရဲ့ ရှုပ်ထွေးတဲ့ ပဋိပက္ခမှာ ပါဝင်ပတ်သက်နေတဲ့ ဘက်ပေါင်းစုံက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ထရမ့်ပ်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို ပုံဖော်ရာမှာလည်း အကူအညီ ပေးခဲ့ပါတယ်။
ပုံမှန်အားဖြင့် ဗန့်စ်လို ထောက်လှမ်းရေးဆိုင်ရာ အကြီးအကဲတွေဟာ မူဝါဒချမှတ်ရေးကို ဦးဆောင်လေ့မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ထောက်လှမ်းရေးသုံးသပ်ချက်တွေရဲ့ လွတ်လပ်မှုကို ထိခိုက်စေနိုင်တဲ့ စိုးရိမ်ချက်တွေကြောင့် ဖြစ်ပါတယ်။
အမေရိကန် ထောက်လှမ်းရေးအဖွဲ့အစည်းတွေကို အကြံပေးခဲ့ဖူးတဲ့ နိုင်ငံခြားဆက်ဆံရေးကောင်စီရဲ့ တွဲဖက်အကြီးတန်းသုတေသီ ရစ်ချတ် ဘက်စ်က “မူဝါဒက ထောက်လှမ်းရေးလုပ်ငန်းကို လွှမ်းမိုးခွင့် ပေးလိုက်ရင် အချက်အလက်မှန်တွေအပေါ် အမှန်တကယ် ရိုးသားတဲ့ အကဲဖြတ်ချက်ကို ရရှိနေသလားဆိုတာ သေချာနိုင်တော့မှာ မဟုတ်ပါဘူး” လို့ ပြောပါတယ်။
ဗန့်စ်ရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီး ပီဂေါ့က မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ ထရမ့်ပ်အစိုးရဟာ “သမ္မတက ဦးဆောင်ပြီး အဖွဲ့တဖွဲ့တည်းအဖြစ် လုပ်ဆောင်နေတယ်” လို့ ပြောပါတယ်။
ဖမ်းဆီးခံ အမေရိကန်နိုင်ငံသားနှင့် ဆက်ဆံရေးလမ်းစ
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ကုန်သည်ကြီးများအသင်းရဲ့ အကြီးအကဲဟောင်း အဒမ် ကက်စတီလိုကို ဇွန် ၁၁ ရက်၊ ရန်ကုန်လေဆိပ်မှာ မြန်မာအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။ သူ့ကို ထောက်ခံသူတွေကတော့ ဒီဖမ်းဆီးမှုဟာ လုပ်ကြံဖန်တီးထားတဲ့ စွဲချက်တွေအပေါ် အခြေခံတယ်လို့ ပြောပါတယ်။ ကက်စတီလိုကို မတရားဖမ်းဆီးထားတာ ဟုတ်၊ မဟုတ် ဆိုတာနဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရက မှတ်ချက်မပေးသေးပါဘူး။
ဒီကိစ္စကို သိရှိသူတွေရဲ့ ပြောကြားချက်အရ ကက်စတီလို လွတ်မြောက်ရေးအတွက် အိမ်ဖြူတော်၊ အမျိုးသားလုံခြုံရေးကောင်စီနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက အရာရှိတွေဟာ မြန်မာအာဏာပိုင်တွေနဲ့ နောက်ကွယ်ကနေ ညှိနှိုင်းခဲ့ကြပါတယ်။
သတင်းရင်းမြစ်တယောက်ရဲ့ ပြောကြားချက်အရ မြန်မာဘက်က အပြန်အလှန်အနေနဲ့ “အမေရိကန်အစိုးရနဲ့ သင့်လျော်တဲ့ အဆင့်မြင့်အရာရှိတွေကြား တရားဝင်ဆက်ဆံခွင့်ရဖို့” ဆိုတဲ့ တောင်းဆိုချက် တခုတည်းကိုသာ တင်ပြခဲ့ပါတယ်။
ကက်စတီလိုကတော့ သူလွတ်မြောက်လာတဲ့အတွက် သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို ကျေးဇူးတင်ကြောင်း ပြောခဲ့ပြီး ဒီထက်ပိုတဲ့ မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။
ဒီတွေ့ဆုံမှုမတိုင်ခင် ဇွန်လမှာလည်း ဂျပန်နိုင်ငံ တိုကျိုမြို့မှာ အမေရိကန်နဲ့ မြန်မာအရာရှိတွေ တွေ့ဆုံခဲ့ကြပါတယ်။ အဲဒီတွေ့ဆုံမှုမှာလည်း ဗန့်စ် ပါဝင်ခဲ့တယ်လို့ သတင်းရင်းမြစ်လေးယောက်က ပြောပါတယ်။
သတင်းရင်းမြစ်တယောက်ရဲ့ ပြောကြားချက်အရ အဲဒီဆွေးနွေးမှုမှာ အရေးယူပိတ်ဆို့မှုတွေကို ကြီးကြပ်တဲ့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အမိမြေလုံခြုံရေးဝန်ကြီးဌာနနဲ့ ပင်တဂွန် စစ်ဌာနချုပ်က အရာရှိတွေလည်း ပါဝင်ခဲ့ပါတယ်။ မြန်မာဘက်က ဘယ်သူတွေ တက်ရောက်ခဲ့သလဲ ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
မိုက်ကယ်ဗန့်စ်ဟာ အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်ကို အာရှရေးရာကိစ္စတွေမှာ အကြံပေးခဲ့စဉ်ကတည်းက မြန်မာနိုင်ငံဆိုင်ရာ မူဝါဒမှာ ပါဝင်ပတ်သက်လာခဲ့သူ ဖြစ်ပါတယ်။ သူဟာ စစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ ဒီမိုကရေစီအင်အားစုတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကိုလည်း လူကိုယ်တိုင်ရော အွန်လိုင်းကပါ တွေ့ဆုံခဲ့တယ်လို့ သတင်းရင်းမြစ်ငါးယောက်က ပြောပါတယ်။
အမေရိကန်ရဲ့ အခုကြိုးပမ်းမှုမှာ အဓိကဦးစားပေးကိစ္စတခုကတော့ မြန်မာနိုင်ငံ နယ်မြေပေါ်မှာ အခြေစိုက်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းစခန်းတွေ ပိတ်သိမ်းရေးအတွက် မြန်မာအာဏာပိုင်တွေရဲ့ အကူအညီရယူဖို့ ဖြစ်ပါတယ်။
ဒီငွေလိမ်ဂိုဏ်းတွေဟာ အချစ်ရေးနဲ့ လိမ်လည်တာ အပါအဝင် နည်းမျိုးစုံနဲ့ အမေရိကန်နိုင်ငံသားတွေဆီက အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီ လိမ်လည်ခဲ့ကြပါတယ်။
ဒီကိစ္စကို သိရှိသူ နှစ်ယောက်ရဲ့ ပြောကြားချက်အရ အမေရိကန် ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးဗျူရို (FBI) ကလည်း ဆိုက်ဘာငွေလိမ်မှုတွေနဲ့ ပတ်သက်ပြီး မြန်မာအာဏာပိုင်တွေနဲ့ တိုက်ရိုက်ဆက်သွယ်မှုတွေ ရှိခဲ့ပါတယ်။
သုတေသနပညာရှင်တွေရဲ့ ပြောကြားချက်အရ ငွေလိမ်ဂိုဏ်းအများအပြားဟာ ပြည်သူ့စစ်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ လည်ပတ်နေပြီး လိမ်လည်ရရှိတဲ့ ငွေကြေးတချို့ကလည်း စစ်တပ်ဆီ စီးဝင်နေပါတယ်။ ဒါကြောင့် မြန်မာစစ်ခေါင်းဆောင်တွေဟာ ဒီလုပ်ငန်းတွေကို အမှန်တကယ် နှိမ်နင်းဖို့ စိတ်ဆန္ဒရှိရဲ့လားဆိုတဲ့ သံသယတွေ ရှိနေပါတယ်။
အမေရိကန်အရာရှိတွေဟာ လျှပ်စစ်ကားတွေနဲ့ လေရဟတ်သုံး လျှပ်စစ်ဓာတ်အားထုတ်စက်တွေမှာ အသုံးပြုတဲ့ မြန်မာနိုင်ငံရဲ့ ပမာဏများပြားလှတဲ့ လေးလံရှားပါး မြေဒြပ်သတ္တုသိုက်တွေကို ရယူအသုံးချခွင့်ရဖို့လည်း ဆွေးနွေးခဲ့ကြပါတယ်။
ဒါပေမဲ့ ဒီကိစ္စမှာ အခက်အခဲတွေရှိကြောင်း အမေရိကန်အရာရှိတွေက အသိအမှတ်ပြုထားပါတယ်။ အကြောင်းကတော့ ဒီသတ္တုသိုက်အများစုဟာ မြန်မာစစ်တပ်ကို တိုက်ခိုက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ ရှိနေလို့ ဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိမှာ အဓိကတင်သွင်းနေတဲ့ တရုတ်နိုင်ငံကလည်း ဒီလုပ်ငန်းမှာ အမေရိကန် ပါဝင်လာတာကို သူ့အတွက် စိန်ခေါ်မှုတခုအဖြစ် ရှုမြင်နိုင်ပါတယ်။
ဒါပေမဲ့ အမေရိကန်ဟာ တရုတ်နိုင်ငံအပေါ် မှီခိုနေရတဲ့ သတ္တုထောက်ပံ့ရေးကွင်းဆက်တွေကို လျှော့ချပြီး တခြားအရင်းအမြစ်တွေကနေ ရယူနိုင်ဖို့ ကြိုးပမ်းနေတာကြောင့် မြန်မာနိုင်ငံရဲ့ မြေရှားသတ္တုသိုက်တွေကိစ္စဟာ နှစ်ဖက်ဆွေးနွေးမှုတွေမှာ ထပ်တလဲလဲ ပါဝင်နေတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
အရေးယူပိတ်ဆို့မှုမှ ဆက်ဆံရေးထူထောင်မှုဆီသို့
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် အစိုးရဟာ နယူးယောက်မြို့ ဖက်ဒရယ်အရန်ဘဏ်မှာရှိတဲ့ မြန်မာနိုင်ငံပိုင် ငွေကြေးနဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ် ပိတ်ဆို့ခဲ့ပါတယ်။ ဒါ့အပြင် စစ်တပ်အကြီးတန်းအရာရှိတွေနဲ့ စစ်တပ်ဆက်နွှယ်တဲ့ စီးပွားရေး လုပ်ငန်းတွေကိုလည်း အရေးယူပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပါတယ်။
၂၀၂၂ ခုနှစ်မှာတော့ အမေရိကန်လွှတ်တော်က မြန်မာအတိုက်အခံအင်အားစုတွေအတွက် အသက်သေဆုံးစေနိုင်တဲ့ လက်နက်မဟုတ်တဲ့ အကူအညီတွေ ပေးအပ်ဖို့ ခွင့်ပြုခဲ့ပါတယ်။ ဒီအစီအစဉ်မှာ လေကြောင်းတိုက်ခိုက်မှုတွေကို ကြိုတင်သတိပေးနိုင်တဲ့ စနစ်တွေအတွက် ရန်ပုံငွေထောက်ပံ့တာနဲ့ စစ်တပ်အရာရှိတွေ ဘက်ပြောင်းလာစေဖို့ မက်လုံးပေးတဲ့ အစီအစဉ်တွေလည်း ပါဝင်ပါတယ်။
ဒါပေမဲ့ ၂၀၂၅ ခုနှစ်မှာ ထရမ့်ပ်အစိုးရက နိုင်ငံခြားအကူအညီပေးရေး အစီအစဉ်တွေကို ပြန်လည်ပြင်ဆင်ခဲ့ရာမှာ ဒီအစီအစဉ်အများစုကို ဖြတ်တောက်ခဲ့ပါတယ်။ ဒီအချက်ကို လက်ရှိနဲ့ အငြိမ်းစားအရာရှိ လေးယောက်က ပြောကြားခဲ့သလို နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ လွှတ်တော်ကြား အပြန်အလှန်ပေးပို့ထားတဲ့ စာရွက်စာတမ်းတွေကို ရိုက်တာသတင်းဌာနက စစ်ဆေးရာမှာလည်း တွေ့ရှိခဲ့ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ စစ်တပ်က ဖွဲ့စည်းထားတဲ့ အစိုးရနဲ့ ဆက်ဆံနေတာကြောင့် မြန်မာနိုင်ငံက တခြားအဖွဲ့အစည်းတွေနဲ့ ရှိပြီးသား ဆက်ဆံရေးတွေ လျော့နည်းသွားမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ စစ်တပ်မထိန်းချုပ်နိုင်တဲ့ ဒေသတွေကို အမေရိကန်က ဆက်လက်အကူအညီပေးနေတယ်လို့လည်း ဆိုပါတယ်။ ဒါပေမဲ့ ဘယ်လိုအကူအညီတွေ ပေးနေသလဲ ဆိုတာကိုတော့ အသေးစိတ် မဖော်ပြခဲ့ပါဘူး။
အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီမှာ ဒီမိုကရက်တစ်ပါတီဘက်က အဆင့်အမြင့်ဆုံး ကိုယ်စားလှယ်ဖြစ်တဲ့ ဂရီဂိုရီ မိခ်စ်ကတော့ ဒီမူဝါဒအပြောင်းအလဲဟာ “ကျနော်တို့ရဲ့ စံတန်ဖိုးတွေနဲ့လည်း ဆန့်ကျင်နေသလို အကျိုးစီးပွားတွေနဲ့လည်း ဆန့်ကျင်နေပါတယ်” လို့ ပြောပါတယ်။
မိခ်စ်က ရိုက်တာသတင်းဌာနကို ပေးပို့တဲ့ ထုတ်ပြန်ချက်မှာ “လွှတ်တော်က မဖြစ်မနေ ဆောင်ရွက်ဖို့ သတ်မှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို အကောင်အထည်မဖော်ပါဘူး။ အတည်ပြုခွဲဝေထားတဲ့ ဒီမိုကရေစီထောက်ပံ့ရေး ရန်ပုံငွေတွေကိုလည်း အသုံးမပြုဘဲ မင်းအောင်လှိုင်နဲ့ ဆက်ဆံနေတာကြောင့် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုဟာ အမေရိကန်ရဲ့ ဦးဆောင်မှု အခန်းကဏ္ဍကို လက်လွှတ်နေပြီး လူသတ်မှုတွေ ကျူးလွန်နေတဲ့ ဒီစစ်အုပ်စုကို နိုင်ငံတကာမှာ ပိုမိုတရားဝင်မှု ရရှိစေပါတယ်” လို့ ပြောပါတယ်။
လူ့အခွင့်အရေးအဖွဲ့တွေက အတုအယောင်အဖြစ် ဝေဖန်ခဲ့တဲ့ ရွေးကောက်ပွဲတွေအပြီး ဖွဲ့စည်းခဲ့တဲ့ မြန်မာအစိုးရကလည်း ဝါရှင်တန်မှာ သူ့ဘက်က အကျိုးစီးပွားတွေကို တင်ပြပေးဖို့ လော်ဘီအဖွဲ့တွေ ငှားရမ်းထားပါတယ်။
နိုင်ငံခြားကိုယ်စားလှယ်များ မှတ်ပုံတင်ရေးဥပဒေ (Foreign Agents Registration Act) အရ တင်သွင်းထားတဲ့ စာရွက်စာတမ်းတွေအရ ထရမ့်ပ်ရဲ့ နှစ်ရှည်လများ အကြံပေးဖြစ်ခဲ့သူ ရော်ဂျာ စတုန်းဟာ ဒီနှစ် ဧပြီလမှာ မြန်မာပြန်ကြားရေးဝန်ကြီးဌာနကိုယ်စား DCI Group ကုမ္ပဏီအတွက် အကြံပေးလုပ်ငန်း စတင်လုပ်ကိုင်ခဲ့ပါတယ်။
စတုန်းဟာ ၂၀၁၆ ခုနှစ် အမေရိကန်ရွေးကောက်ပွဲမှာ ရုရှားရဲ့ ဝင်ရောက်စွက်ဖက်မှုနဲ့ ပတ်သက်ပြီး လွှတ်တော်က စုံစမ်းစစ်ဆေးနေမှုကို အနှောင့်အယှက်ပေးခဲ့တဲ့အတွက် ၂၀၁၉ ခုနှစ်မှာ ပြစ်မှုထင်ရှားစီရင်ခံခဲ့ရသူ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ထရမ့်ပ်က သူ့ကို သမ္မတလွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပါတယ်။
ဇွန်လမှာ DCI Group က ဖြန့်ဝေခဲ့တဲ့ သတင်းလွှာတစောင်မှာတော့ အမေရိကန်ဟာ မြန်မာနိုင်ငံနဲ့ မဆက်ဆံဘူးဆိုရင် အရေးပါတဲ့ သတ္တုအရင်းအမြစ်တွေကို ရယူအသုံးချခွင့်ကနေ ဖယ်ထုတ်ခံရနိုင်တဲ့ အန္တရာယ်ရှိကြောင်း သတိပေးထားပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း နှစ်ပေါင်းများစွာ အဆက်အသွယ်ကန့်သတ်ထားခဲ့သည့် မူဝါဒကို အမေရိကန် ပြောင်းလဲ
- ပြီးခဲ့တဲ့လက တွေ့ဆုံမှုဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း အမေရိကန်နဲ့ မြန်မာစစ်ခေါင်းဆောင်တွေကြား အဆင့်အမြင့်ဆုံး ဆက်သွယ်မှုဖြစ်ပါတယ်။
- အမေရိကန်နဲ့ မြန်မာစစ်ခေါင်းဆောင်တွေကြား ဆွေးနွေးမှုတွေမှာ မြန်မာနိုင်ငံရဲ့ ရှားပါး မြေဒြပ်သတ္တုသိုက်တွေကို ရယူအသုံးချခွင့်ကိစ္စလည်း ပါဝင်ပါတယ်။
- အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထောက်လှမ်းရေးဆိုင်ရာ အကြီးအကဲ မိုက်ကယ် ဗန့်စ်ဟာ စစ်တပ်က ဖွဲ့စည်းထားတဲ့ အစိုးရနဲ့ ဆက်ဆံရေးစတင်ဖို့ ကြိုးပမ်းမှုမှာ အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့ပါတယ်။
Source: Reuters











