
KBZ Mobile Banking အကောင့်တွေကို ဇွန် ၁၁ ရက်နေ့ကတည်းက Login ဝင်မရ ဖြစ်နေတာကြောင့် ရခိုင်ပြည်နယ်က ငွေလွှဲ/ငွေထုတ် လုပ်ငန်းအချို့ ယာယီရပ်တန့်နေကြရတယ်လို့ ရခိုင်ဒေသခံတွေနဲ့ အေးဂျင့်ဆိုင်တွေဆီက သိရပါတယ်။
ဇွန် ၁၁ ရက် မနက်ကစပြီး KBZ Mobile Banking အကောင့်တွေကို ဝင်မရတော့သလို ရခိုင်ပြည်နယ်က ငွေလွှဲ/ငွေထုတ်လုပ်ငန်းတွေဟာလည်း Mobile Banking တွေနဲ့ အဓိက လုပ်ကိုင်နေကြရတာ ဖြစ်တာကြောင့် အကောင့်ဝင်မရလို့ ငွေလွှဲ/ငွေထုတ်တွေကို ယာယီရပ်နား ထားရတယ်လို့ မြောက်ဦးမြို့နယ်က ငွေလွှဲ/ငွေထုတ် လုပ်ကိုင်နေသူ အမျိုးသမီးတယောက်က ပြောပါတယ်။
“ဇွန်လ ၁၁ ရက်နေ့ကတည်းက KBZ Mobile Banking အကောင့်တွေကို လုံးဝ ဝင်လို့မရတော့ဘူး။ ဘာကြောင့်ဖြစ်တယ်ဆိုတာလည်း တိတိကျကျ မသိရသေးဘူး။ အချို့ ဘဏ်အကောင့်တွေဆို သိန်းထောင်ချီရှိကြတယ်။ ရခိုင်ပြည်က ငွေလွှဲ၊ ငွေထုတ် လုပ်ငန်းတိုင်းလိုလို အခုပြဿနာနဲ့ ရင်ဆိုင်နေကြရတာ။ လောလောဆယ်တော့ အကောင့်ဝင်မရတာကြောင့် ငွေဝင်/အလွှဲတွေ အားလုံးကို ယာယီ ရပ်တန့်ထားရတယ်။”
KBZ Mobile Banking အကောင့်တွေ ဝင်မရတော့တာကြောင့် ရခိုင်ပြည်နယ်က ငွေလွဲ/ငွေထုတ် လုပ်နေကြတဲ့ သူတို့ရဲ့ KBZ ဘဏ်အကောင့်တွေကို လုံးဝ ငွေလွှဲတာတွေ မလုပ်ကြဖို့ အသိပေးထားကြပြီး ငွေလွှဲပြီး ဆုံးရှုံးသွားရင် တာဝန်မယူဘူးလို့ သူတို့ရဲ့ လူမှုကွန်ရက်တွေအပေါ်မှာ အသီးသီး ရေးသားထားကြပါတယ်။
လက်ရှိ KBZ Mobile Banking အကောင့်တွေ ဝင်မရတာ ရခိုင်ပြည်နယ် တခုတည်းမှာဖြစ်နေတာ မဟုတ်ဘဲ အခြားတိုင်းနဲ့ ပြည်နယ်အချို့က ဘဏ်အကောင့်တွေလည်း ဝင်မရ ဖြစ်နေကြတာလို့ သိရပါတယ်။
KBZ ဘဏ်ဘက်ကတော့ နည်းပညာအဆင့်မြှင့်တင်မှုတွေ ပြုလုပ်နေတာကြောင့် KBZ mBanking နဲ့ iBanking တွေကို ဇွန် ၁၁ ရက်နေ့ ည ၁၀ နာရီကနေ ဇွန် ၁၂ ရက်နေ့ မနက် ၁:၃၀ နာရီအတွင်း ခေတ္တအသုံးပြုနိုင်မှာ မဟုတ်ဘူးလို့ ပြောထားပြီး KBZ mBanking v4.0.0 ကို ဒေါင်းယူအသုံးပြုကြဖို့ ပြောထားပါတယ်။
လက်ရှိမှာ ရခိုင်ပြည်နယ်က ငွေလွှဲ/ငွေထုတ် လုပ်ငန်းအချို့ ရပ်တန့်ထားတာကြောင့် ကုန်သည်တွေနဲ့ နိုင်ငံခြားက ငွေလွှဲမဲ့သူတွေလည်း အခက်အခဲကြုံတွေ့နေကြရတယ်လို့ အိန္ဒိယမှာ ကုန်ပစ္စည်းတွေ တင်သွင်နေတဲ့ အမျိုးသား ကုန်သည်တယောက်က ပြောပါတယ်။
“ငွေလွှဲ/ ငွေထုတ် လုပ်ငန်းတွေ ရပ်နားထားတော့ အိန္ဒိယဘက်က ပစ္စည်းတွေ မှာယူဖို့ကအစ အခက်အခဲတွေ ဖြစ်နေကြတယ်။ နိုင်ငံခြားက ငွေလွှဲဖို့ သူတွေမှာလည်း ဒီဘက်က ဘဏ်အကောင့်တွေ Error ဖြစ်နေကြတော့ လွှဲမရကြဘူး။ ဘယ်လောက် ကြာမယ်ဆိုတာတော့ မသိရသေးဘူး။”
ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် ၂၀၂၄ ခုနှစ်ကတည်းက အစိုးရဘဏ်နဲ့ ပုဂ္ဂလိက ဘဏ်တွေ ပိတ်ထားရတာဖြစ်ပြီး ငွေအလွှဲ/အပြောင်းတွေကို အေဂျင့်ဆိုင်တွေကတဆင့် ပြုလုပ်နေကြရတာလည်း ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ ဘဏ်တွေ မရှိတော့တာ ငွေထုတ်ယူရာမှာလည်း အခြားတိုင်းနဲ့ ပြည်နယ်တွေထက် ရာခိုင်နှုန်းတွေ အများကြီးပေးပြီး ထုတ်ယူကြရတယ်လို့ ရခိုင်ဒေသခံတွေက ပြောပါတယ်။










