
ယီမင်နိုင်ငံထဲက ဆော်ဒီနယ်စပ်အနားမှာရှိတဲ့ အယ်လ်ဂျော့ဖ်ပြည်နယ်မှာ အစိုးရတပ်ဖွဲ့တွေနဲ့ တိုက်ပွဲအသစ်တွေ ဖြစ်နေတယ်လို့ ဟူသီအဖွဲ့က သတင်းထုတ်ပြန်ထားချိန်မှာ ဆော်ဒီတပ်ဖွဲ့တွေက ဟူသီတို့ ထိန်းချုပ်ထားတဲ့ မြို့တော် ဆာနာနဲ့ တခြားပြည်နယ် ၅ ခုတို့မှာ လေကြောင်းနဲ့ ဒုံးကျည် တွေသုံးပြီး ၁၅၆ ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ အောက်တိုဘာ ၇ ရက်မှာ ပြောပါတယ်။
X လူမှုကွန်ရက်ပလက်ဖောင်းမှာ ဖော်ပြထားတဲ့ ကြေညာချက်တရပ်မှာ ဟူသီ စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ယာယာ ဆာရီယာက ဆော်ဒီရဲ့ တိုက်ခိုက်မှုတွေဟာ ဆာနာမြို့၊ ထိုက်ဇ်မြို့၊ ဆာဒါ၊ အယ်လ်ဂျော့ဖ်၊ မာရစ်ဘ်နဲ့ အမ်ရန်မြို့တွေက နေရာတွေကို ထိမှန်ခဲ့တယ်လို့ ပြောပါတယ်။
အရပ်သားပစ်မှတ်တွေလည်း ပါတယ် ဆိုပေမဲ့ အသေးစိတ် အချက်အလက်တွေကို ထုတ်မပြောခဲ့ပါဘူး။
နောက်ဆုံးတိုက်ခိုက်မှုတွေကြောင့် လက်ရှိ ပဋိပက္ခ ပြင်းထန်လာချိန်ကစပြီး ဟူသီအဖွဲ့က မှတ်တမ်း တင်ထားတဲ့ ဆော်ဒီရဲ့ လေကြောင်း၊ ဒုံးကျည်တို့နဲ့ တိုက်ခိုက်မှုအရေအတွက်မှာ ၁,၇၉၈ ကြိမ်အထိ ရှိလာပြီလို့ ဆာရီယာက ပြောပါတယ်။ ဆော်ဒီအာရေဗျဘက်ကတော့ ချက်ချင်းတုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။
ဒါ့အပြင် အယ်လ်ဂျော့ဖ် ပြည်နယ်အရှေ့ပိုင်းက ဟူသီတို့ရဲ့ စခန်းတွေဆီ ချီတက်ဖို့ အစိုးရတပ်ဖွဲ့ တွေရဲ့ ကြိုးပမ်းချက်ကို ဟူသီတပ်ဖွဲ့တွေက ဟန့်တား တွန်းလှန်နိုင်ခဲ့တယ်လို့လည်း ဆာရီယာက ပြောပါတယ်။
ယီမင်နိုင်ငံရဲ့ ပဋိပက္ခဟာ ၂၀၁၄ ခုနှစ် နှောင်းပိုင်းမှာ ဟူသီသူပုန်တွေက မြို့တော်ဆာနာနဲ့ ယီမင်နိုင်ငံမြောက်ပိုင်း ဒေသအများစုကို သိမ်းပိုက်လိုက်ချိန်မှာ စခဲ့တာပါ။
နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ အစိုးရက လက်ရှိမှာ တောင်ပိုင်း ဆိပ်ကမ်းမြို့ အေဒင်မှာ အခြေစိုက်ထားပါတယ်။
ဒီအစိုးရကို ထောက်ခံအားပေးတဲ့အနေနဲ့ ဆော်ဒီ ဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့က ၂၀၁၅ ခုနှစ်မှာ ယီမင်ပြည်တွင်းစစ်ကို ဝင်ရောက်စွက်ဖက်ခဲ့ပါတယ်။
Source: Reuters











