
လစ်သူယေးနီးယားနိုင်ငံရဲ့ ဝေဟင်ပိုင်နက်ထဲကို ဒရုန်းတွေ ကျူးကျော်ဝင်ရောက်လာမှာ စိုးရိမ် ရတာကြောင့် လစ်သူယေးနီးယား အစိုးရဟာ မေ ၂၀ ရက်မှာ ပြည်သူတွေကို ဘေးလွတ်ရာ ခိုလှုံကြ ဖို့ “လေကြောင်းအန္တရာယ်” သတိပေးချက် ထုတ်ပြန်ခဲ့ပြီး မြို့တော်က လေဆိပ်ရဲ့ လေကြောင်း သွားလာမှုတွေကိုလည်း ခဏရပ်ဆိုင်းလိုက်ပါတယ်။
အခုလက်ရှိ လစ်သူယေးနီးယား ဝေဟင်ပိုင်နက်ထဲကို လေကြောင်းကျူးကျော်မှုတခု ရှိနေပါတယ် လို့ လစ်သူယေးနီးယား ကာကွယ်ရေးဝန်ကြီး ရောဘတ်တာစ် ကောင်းနပ်စ်က ပြောကြားခဲ့ပြီး NATO ရဲ့ လေကြောင်းကင်းလှည့်အဖွဲ့ကို အရေးပေါ်စေလွှတ်ထားပြီးတော့ ဝေဟင်ပိုင်နက်ထဲမှာ တွေ့ရှိထားတဲ့ ဒရုန်းကို ပစ်မှတ်ထား ရှာဖွေနေတယ်လို့ ဆိုပါတယ်။
မြို့တော်နေ ပြည်သူတွေဆီ လစ်သူယေးနီးယား စစ်တပ်က ပေးပို့တဲ့ မက်ဆေ့ခ်ျထဲမှာတော့ “ချက်ချင်းပဲ ဘေးကင်းတဲ့နေရာမှာ ခိုလှုံကြပါ၊ မိသားစုဝင်တွေကို ဂရုစိုက်ပါ၊ နောက်ထပ် ထုတ်ပြန်မဲ့ လမ်းညွှန်ချက်တွေကို စောင့်ဆိုင်းပါ” လို့ ဖော်ပြထားပါတယ်။
ဒီထုတ်ပြန်ချက်ကို လူထုကြားထဲ ဘယ်လောက်အထိ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေခဲ့သလဲ ဆိုတာ ကိုတော့ လောလောဆယ် အတိအကျ မသိရသေးပါဘူး။
ဒါ့အပြင် ဗီလ်နီးယပ်စ်မြို့က လွှတ်တော်အဆောက်အအုံမှာလည်း လွှတ်တော်တွင်း အသံချဲ့စက် ကြေညာချက်ကနေ “လေကြောင်းတိုက်ခိုက်မှု အန္တရာယ် ရှိတာကြောင့် အဆောက်အအုံထဲမှာ ရှိနေသူ အားလုံး အနီးဆုံး ဗုံးခိုကျင်း (သို့မဟုတ်) ဘေးကင်းရာ ခိုလှုံရာနေရာဆီ သွားရောက် ပေးကြဖို့ မေတ္တာရပ်ခံပါတယ်” လို့ သတိပေးချက် ထုတ်ပြန်ကြေညာခဲ့ပါတယ်။
လစ်သူယေးနီးယား အမျိုးသားအကျပ်အတည်း စီမံခန့်ခွဲမှုစင်တာက အစောပိုင်းမှာ ပြောကြားချက် အရ အိမ်နီးချင်း ဘယ်လာရုစ်နိုင်ငံဘက်ကနေ လစ်သူယေးနီးယားနိုင်ငံဘက်ကို ဦးတည်ပျံသန်းလာ တဲ့ ဒရုန်းတစင်းကို တွေ့ရှိခဲ့တာကြောင့် အခုလို သတိပေးချက် ထုတ်ပြန်ရတာဖြစ်ပြီး အဲဒီဒရုန်းဟာ ဘယ်ကနေလာသလဲ ဆိုတာကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
မေ ၁၉ ရက်ကလည်း အက်စတိုးနီးယားနိုင်ငံအထက်မှာ ယူကရိန်းဒရုန်းလို့ သံသယရှိစရာ ဒရုန်း တစင်းကို NATO တိုက်လေယာဉ်တစင်းက ပစ်ချခဲ့တယ်လို့ ဘောလ်တစ်နိုင်ငံက ပြောပါတယ်။
ယူကရိန်းက အိမ်နီးချင်း ရုရှားနိုင်ငံအပေါ် မကြာခဏ တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့ အခုလို ကာလမျိုးမှာ ဒါဟာ ဒီဒေသတွင်း ဝေဟင်ပိုင်နက် ကျူးကျော်မှုတွေ ဆက်တိုက်ဖြစ်ပွားနေတဲ့ အထဲ က နောက်ဆုံးဖြစ်ရပ်တခုလည်း ဖြစ်ပါတယ်။
Source: Reuters










