
အင်ဒိုနီးရှားနိုင်ငံ၊ ဂျာဗားအရှေ့ပိုင်း၊ ဆီဒိုအာဂျိုဒေသမှာ ကျောင်းသား ၅၀၀ ကျော်ကို အစာဆိပ်သင့်မှုနဲ့ ဆေးရုံတင်လိုက်ရတယ်လို့ ဒေသတာဝန်ရှိသူတွေက စက်တင်ဘာ ၂ ရက်မှာ ပြောကြားလိုက်ပြီး အစိုးရက ထောက်ပံ့ပေးတဲ့ အစားအသောက်တွေကနေ ဖြစ်ပွားတာလို့ ယူဆထားပါတယ်။
ဒါဟာ အစိုးရက ရည်မှန်းထားတဲ့ အခမဲ့ အစားအစာကျွေးမွေးရေးစီမံကိန်းကို ကြီးကြပ်နေတဲ့ အေဂျင်စီကို ပြုပြင်ပြောင်းလဲဖို့ လုပ်ဆောင်နေချိန်မှာ ခုလို ဖြစ်ပွားခဲ့တာပါ။
အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုဟာ ကလေး သန်းပေါင်းများစွာကို အာဟာရချို့တဲ့မှုကို ပပျောက်စေဖို့ အခမဲ့ ကျွေးမွေးမဲ့ ဒေါ်လာဘီလီယံချီတန် စီမံကိန်းကို ပြီးခဲ့တဲ့နှစ်မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီစီမံကိန်းဟာ အစာဆိပ်သင့်မှုတွေ၊ အကျင့်ပျက်ခြစားမှု စွပ်စွဲချက်တွေ၊ ခေါင်းဆောင်ပိုင်း အပြောင်းအလဲတွေနဲ့ ကျသင့်တန်ဖိုးကို အပိုတွက်ပြထားမှုတွေကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။
စက်တင်ဘာ ၁ ရက်က ကျောင်းသား ၅၀၀ ကျော် နေမကောင်းဖြစ်ခဲ့ကြတာလို့ ဒုတိယ အုပ်ချုပ်ရေးမှူး အီမေးလ်ဒါးဒက်ခ်က ကွန်ပက်စ်တီဗီကို ပြောကြားပြီး ဒါနဲ့ပတ်သက်လို့ အခမဲ့ကျွေးမွေးရေး စီမံကိန်းကို ကြီးကြပ်တဲ့ အမျိုးသားအာဟာရအေဂျင်စီက ကျောင်းသားတွေ စားခဲ့တဲ့ နေ့လယ်စာကြောင့် ဖြစ်ရတာ ဟုတ်၊ မဟုတ် စုံစမ်းစစ်ဆေးနေတယ်လို့လည်း ဆိုပါတယ်။
နိုတိုပူရို ဆေးရုံအကြီးအကဲ ပရီမာဒက်စ်စီ ကူဆူမာက နေမကောင်းဖြစ်ကြသူ အများစုဟာ အစာခြေလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကြောင့်ဖြစ်ပြီး ရောဂါဖြစ်ရတဲ့ အကြောင်းရင်းကို ဒေသတွင်း ကျန်းမာရေးအေဂျင်စီနဲ့ အမျိုးသားအာဟာရအေဂျင်စီတို့က စုံစမ်းစစ်ဆေးနေဆဲလို့ ပြောကြားပါတယ်။
ဒီစီမံကိန်းနဲ့ပတ်သက်ပြီး အုပ်စုလိုက် အစာဆိပ်သင့်မှုတွေလည်း ခဏခဏ ဖြစ်ပွားခဲ့ပါတယ်။ စက်တင်ဘာ ၈ ရက်အထိ စီမံကိန်းကြောင့် အစာဆိပ်သင့်သူ ၃၇,၆၀၀ နီးပါး ရှိခဲ့တယ်လို့ စောင့်ကြည့်ရေး အဖွဲ့တခုဖြစ်တဲ့ Network for Education Watch က ဆိုပါတယ်။
Source: Reuters











