ဗီယက်နမ်နိုင်ငံဟာ ပြည်တွင်းဖြစ် အကြီးဆုံးနဲ့ ခေတ်အမီဆုံး ဘက်စုံသုံး ရေငုပ်သင်္ဘောဖျက် ဖရီးဂိတ်စစ်သင်္ဘော တည်ဆောက်မှုကို ဩဂုတ် ၁၀ ရက်မှာ စတင်လိုက်ပါတယ်။
ဒီစစ်သင်္ဘောကို ဒါနန်းမြို့က ကာကွယ်ရေးဝန်ကြီးဌာနပိုင် ဆုန်သူ သင်္ဘောကျင်းမှာ တည်ဆောက်နေတာ ဖြစ်ပါတယ်။
စစ်သင်္ဘောမှာ ပါဝင်မဲ့ လက်နက်နဲ့ စစ်ဘက်သုံးကိရိယာ အများစုကိုလည်း ပြည်တွင်းမှာပဲ ထုတ်လုပ် တပ်ဆင်သွားမယ်လို့ စစ်တပ်ပိုင်သတင်းစာက ဖော်ပြပါတယ်။
ဒီတည်ဆောက်ရေးမှာ ရေတပ်၊ သင်္ဘောကျင်းတို့နဲ့အတူ စစ်တပ်ပိုင် ဆက်သွယ်ရေးနဲ့ နည်းပညာကုမ္ပဏီ ဗီယက်တဲလ်တို့ ပူးပေါင်းဆောင်ရွက်ကြမှာပါ။
လက်နက်နဲ့ စစ်ရေးကိရိယာတွေ ဖွံ့ဖြိုးရေးနဲ့ တပ်ဆင်ရေးကိုလည်း အဲဒီအဖွဲ့တွေကပဲ ပူးပေါင်းလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
ဒီစီမံကိန်းဟာ “ကိုယ့်အားကိုယ်ကိုးပြီး အရပ်ဘက်နဲ့ စစ်ဘက် နှစ်မျိုး သုံးနိုင်တဲ့ ခေတ်မီကာကွယ်ရေးစက်မှုလုပ်ငန်း” တည်ဆောက်ရေးဆိုတဲ့ နိုင်ငံတော်မူဝါဒကို ဖော်ပြနေတယ်လို့ အစိုးရက ပြောပါတယ်။
ဗီယက်နမ်ဟာ တောင်တရုတ်ပင်လယ်မှာ တရုတ်အပြင် တခြားနိုင်ငံတွေနဲ့ပါ ရေပိုင်နက် အငြင်းပွားမှုတွေ ရှိနေတာ ကြာပြီဖြစ်ပါတယ်။
ဒါကြောင့် ရုရှားဆီက အဓိကဝယ်ယူနေတဲ့ စစ်လက်နက်ပစ္စည်းတွေအပေါ် မှီခိုမှု လျှော့ချပြီး ပြည်တွင်းထုတ်လုပ်မှု မြှင့်တင်ဖို့ ကြိုးပမ်းနေတာပါ။
ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေမှာ ဗီယက်နမ်က ရုရှားထုတ် Kilo-Calss ရေငုပ်သင်္ဘောတွေနဲ့ Gepard-class ဖရီးဂိတ်တွေ ဝယ်ယူပြီး ရေတပ်ကို ခေတ်မီအောင် ပြင်ဆင်ခဲ့ပါတယ်။
ဒါ့အပြင် ပြည်တွင်းကာကွယ်ရေးထုတ်လုပ်မှု မြှင့်တင်ဖို့နဲ့ စစ်လက်နက်ရင်းမြစ်တွေ ပိုမိုရရှိဖို့အတွက် လာမဲ့ ဒီဇင်ဘာလမှာ ဗီယက်နမ် နိုင်ငံတကာ ကာကွယ်ရေးပြပွဲကိုလည်း ဟနွိုင်းမြို့မှာ ကျင်းပသွားဖို့ ရှိပါတယ်။










