DVB Logo
Home
Lead Story
စစ်တွေမြို့တွင်း ဗုံး ၂ လုံးကျပြီး ဒေသခံ ၅ ဦးသေဆုံး
DVB
·
October 23, 2026
Photo: CJ
Photo: CJ
Donate to DVB

ရခိုင်ပြည်နယ်  စစ်တွေမြို့ပေါ်မှာ အောက်တိုဘာ ၂၃ ရက် ဒီနေ့မနက် ၈ နာရီဝန်းကျင်က ဗုံး ၂ လုံး ကျရောက်ပေါက်ကွဲလို့  အနည်းဆုံး ဒေသခံ ၅ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရသူ ၉ ယောက်ရှိ  တယ်လို့ မြို့ခံတွေက ပြောပါတယ်။

မောလိပ်ရပ်ကွက် မင်းဘာကြီးလမ်းရှိ ရွှေငါးစတိုးဆိုင်အနီးမှာ ဗုံး ၂ လုံး ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး မြို့ခံ ၅ ယောက် သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူတချို့လည်း ရှိကြတယ်လို့ စစ်တွေမြို့ခံ အမျိုးသမီးတယောက်က ပြောပါတယ်။

“ဒီနေ့မနက်ပိုင်းက မောလိပ်ရပ်ကွက် မင်းဘာကြီးလမ်း ရွှေငါးခွဆုံနားမှာ ဗုံး ၂ လုံး ကျရောက်ပေါက်ကွဲခဲ့တာ ရှိတယ်။ အသံက အကျယ်ကြီး ကြားလိုက်တာ။ ကျမတို့ သိထားရသလောက်ဆို ရခိုင်လူမျိုး ၄ ဦးနဲ့ မွတ်စလင်လူငယ်တဦး သေဆုံးခဲ့တယ်လို့ သိရတယ်။ နောက်ထပ်လည်း ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်း များတယ်။ လူတွေက အရမ်းကြောက်နေကြတော့ ကျမတို့လည်း ဘယ်သူဘယ်ဝါဆိုတာတော့ အတိအကျ မသိရသေးဘူး။ အဲဒီနေရာက လူအရမ်းစည်ကားတဲ့ နေရာဆိုတော့ ထိခိုက်မှုများသွားတာ။”

လက်ရှိ စစ်တွေမြို့နယ်တွင်းမှာ စစ်အာဏာရှင်တပ်နဲ့ အာရက္ခတပ်တော် (AA) တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး ဗုံးမကျခင်မှာ စစ်အာဏာရှင်တပ်ရဲ့ Y-12 လေယာဉ်ပျံဝဲခဲ့ကာ အဲဒီက ဗုံးကြဲချခဲ့တာလို့လည်း ဒေသခံတွေက ပြောဆိုမှုတွေ ရှိနေကြပေမဲ့ ဘယ်အဖွဲ့အစည်းက ပစ်ခတ်တယ် ဆိုတာကို DVB အနေနဲ့ သီးခြားအတည်ပြုနိုင်တာမျိုး မရှိသေးပါဘူး။

လက်ရှိမှာ စစ်တွေမြို့တွင်း ဗုံးပေါက်ကွဲမှုကြောင့် မြို့ခံတွေအကြား စိုးရိမ်ထိတ်လန့်မှုတွေလည်း အမြင့်ဆုံး အခြေအနေတွေမှာ ရှိနေကြတယ်လို့ နောက်ထပ် စစ်တွေမြို့ခံ အမျိုးသားတယောက်က ပြောပါတယ်။

“ဗုံးပေါက်ကွဲလို့ လူတွေသေဆုံးမှုရှိတယ်။ ဒီနေ့မနက် ၈ နာရီမှာကျတာ။ Y-12 နဲ့ ကင်းထောက်ပြီး ချတာ။ အခုလည်း မြို့ပေါ် Y-12 က ဝဲနေတုန်းပဲ။ ညဉ့်အချိန်ကလည်း ငပြီကျွန်းဘက်က တညလုံးချတယ်။ မြို့ခံတွေကတော့ တအားစိုးရိမ်နေကြတာ။ မြို့ပေါ်မှာက စစ်တွေက ဗုံးခိုကျင်းတွေ မလုပ်ရတော့ ပုန်းခိုစရာနေရာလည်း မရှိဘူး။”

လက်ရှိမှာ ဗုံးကြဲခံရတဲ့ ရပ်ကွက်က ဒေသခံတွေဟာ စိုးရိမ်မှုတွေနဲ့ တခြားရပ်ကွက်တွေကို ရွှေ့ပြောင်းနေကြရတယ်လို့လည်း မြို့ခံတွေက ပြောကြပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းကလည်း စစ်တွေမြို့ ပြည်တော်သာရှိ အထက-၄ ကျောင်းဝန်းနဲ့ အနောက်စံပြရပ်ကွက်တွေမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ ဆရာနဲ့ ကျောင်းသား ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်တွေ စစ်မျက်နှာမှာ စက်တင်ဘာ ၄ ရက်ကတည်း နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေပြီး လက်ရှိမှာ ဒကစ-ဌာနချုပ်အနီးအထိ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013