
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့မှာ အခုတပတ်အတွင်း မိုးဆက်တိုက်ရွာနေတာကြောင့် ရေကြီးရေလျှံနေပြီး ဒေသခံတွေ အခက်ကြုံနေရတယ်လို့ သိရပါတယ်။
အထူးသဖြင့် ဖယ်ခုံအင်းနဲ့နီးတဲ့ ရပ်ကွက် ၄၊ ၅ ခုလောက်မှာ ရေဝင်ရောက်နေပြီး တချို့နေရာတွေဆို ဒူးခေါင်းလောက်အထိ ရေတက်နေတယ်လို့ သိရပါတယ်။
ဖယ်ခုံ ဒေသခံတယောက်က “ဖယ်ခုံမှာ တိုက်ပွဲတွေဖြစ်တုန်းက စစ်ရှောင်သွားတဲ့သူတွေ များတယ်။ အခုမှ လူတွေ နည်းနည်းချင်း ပြန်လာနေကြတာ။ ဒီကြားထဲ ခုလိုရေထပ်ကြီးလာတော့ ပိုခက်သွားတာပေါ့” လို့ ပြောပါတယ်။
ရေကြီးတာ ၄ ရက်လောက်ကြာပြီဖြစ်ပေမဲ့ လက်ရှိမှာလည်း မိုးရွာနေတာကြောင့် အခုထိ ရေမကျသေးဘူး လို့ ဆိုပါတယ်။
“ဖယ်ခုံအင်းနားက ရပ်ကွက်တွေမှာ ရေဝင်နေတာ တချို့နေရာဆိုလည်း ရေက ကားလမ်းကျော်နေလို့ သွားလာလို့ မရဘူးဖြစ်နေတာ၊ တချို့နေရာတွေဆို ဒူးခေါင်းလောက်အထိ ရှိတယ်။ အခုထိလည်း မိုးက ဖွဲဖွဲရွာနေသေးတော့ ရေမြန်မြန်ကျဖို့ မလွယ်သေးဘူး” လို့ သူက ဆက်ပြောပါတယ်။
ဖယ်ခုံမြို့နယ်ဟာ အရင်နှစ်တွေက တိုက်ပွဲတွေကြောင့် ဒေသခံအများအပြား စစ်ဘေးရှောင်ခဲ့ရတဲ့ နေရာတခုဖြစ်ပြီး အခု နေရပ်ပြန်လာတဲ့သူတွေရှိနေချိန်မှာ ရေဘေးနဲ့ ထပ်ကြုံနေရတာကြောင့် အခက်အခဲတွေ ပိုများလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။










