
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်မှာ စစ်အာဏာရှင်တပ်သားက အမျိုးသမီးတယောက် ကို အဓမ္မပြုကျင့်ခဲ့တယ်လို့ စစ်အာဏာရှင်တပ်နဲ့နီးစပ်သူဆီက သိရပါတယ်။
ဇွန် ၂၃ ရက်ည ၁၀ နာရီကျော်လောက်မှာ သာပေါင်းမြို့နယ်၊ သရက်ကုန်းကျေးရွာအုပ်စု၊ ရွှေရင်မျှော်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်အာဏာရှင်တပ်သားတွေထဲက တပ်ဖွဲ့ဝင်တ ယောက်က အသက် ၂၇ နှစ်ဝန်းကျင်အရွယ် အမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့တာလို့ ဆိုပါတယ်။
ဖြစ်စဉ်ကို သိရှိသူတဲ့သူတယောက်က “အိမ်ထဲကိုဝင်ပြီး အဓမ္မပြုကျင့်တာ။ မိန်းကလေးက အိပ်ပျော်နေတာ။ ရွှေရင်မျှော်ရွာမှာ တပ်စွဲထားတဲ့ တပ်သားတွေထဲကတပ်ဖွဲ့ဝင်ပါ” လို့ ပြောပါတယ်။
စစ်အာဏာရှင်တပ်သားက အဓမ္မပြုကျင့်တာကို အမျိုးသမီးက အော်ဟစ်အကူအညီတောင်းခဲ့တာကြောင့် ဒေသခံ အရပ်သားတွေက ဝိုင်းဝန်ဖမ်းဆီးကာ စစ်အာဏာရှင်တပ်ရဲ့ တပ်အရာရှိဆီ ပို့ဆောင်တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။
စစ်အာဏာရှင်တပ်နဲ့နီးစပ်သူတယောက်က “မိန်းကလေးဘက်က တပ်အရာရှိဆီမှာ တိုင်ထားတယ်လို့ သိရပါတယ်။ အရာရှိဘက်က ဒီနေ့အထိ ထိရောက်တဲ့အရေးယူမှု မလုပ် သေးပါဘူး။ ကျူးလွန်တဲ့ တပ်သားကို ဖုံးဖိကာကွယ်ပေးချင်တဲ့ သဘောရှိနေတယ်။ မိန်းကလေးဘက်ကလည်း ရှေ့ ထပ်မတိုးရဲဖြစ်နေတယ်” လို့ ပြောပါတယ်။
အမျိုးသမီးတယောက်ကို အဓမ္မပြုကျင့်တဲ့ တပ်သားအပါအဝင် တပ်သားအများအပြားဟာ သာပေါင်းမြို့နယ် ရွှေရင်မျှော်ကျေးရွာ ဘုန်းကြီးကျောင်း နဲ့ ဓမ္မရုံတွေမှာ တပ်စွဲထားတာလို့ သိရပါတယ်။
သာသနိကအဆောက်အအုံတွေထဲမှာ တပ်စွဲနေရာယူထားတဲ့ စစ်အာဏာရှင်ရဲ့တပ်သားတွေက ဘုရားစေတီတွေဆီလာတဲ့ အရပ်သားမိန်းကလေးတွေကို ကာယိန္ဒြေပျက်ပြားစေတဲ့ စကားလုံး တွေနဲ့ စော်ကားပြောဆိုတာ၊ သေနတ်တွေ ပစ်ဖောက်တာ စတဲ့အပြုအမူတွေကို ပြုလုပ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။










