
အမေရိကန်တပ်တွေက အီရန်ရဲ့ အဓိကရေနံတင်ပို့မှု ဗဟိုချက်အနား ခါ့ဂ်ကျွန်းရဲ့ကမ်းလွန်နားက သင်္ဘာတစင်းအပါအဝင် အီရန်ရေနံတင်သင်္ဘော ၃ စင်းကို စက်တင်ဘာ ၅ ရက်မှာ တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်အလယ်ပိုင်း စစ်တိုင်းကွပ်ကဲရေးဌာနက ပြောပါတယ်။
အီရန် အစ္စလာမ်တော်လှန်ရေးအစောင့်တပ် (IRGC) က အမေရိကန်ရေတပ်သင်္ဘော ၂ စင်းကို ပဲ့ထိန်းဒုံးကျည်တွေနဲ့ ပစ်ခတ်ပြီးတဲ့နောက် တိုက်ခိုက်ခဲ့တာလို့ ကွပ်ကဲရေးဌာနက ပြောပါတယ်။
အမေရိကန်တပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ပြောပါတယ်။ အမေရိကန်တပ်ဖွဲ့ဝင်တွေရဲ့ တိကျမှုနဲ့ ပညာရှင်ဆန်မှုကြောင့် M/T Kylo ဟာ ဒီနေ့ အိုမန်ပင်လယ်ကွေ့မှာ နစ်မြုပ်ခဲ့ပြီလို့ ဆိုပါတယ်။
ဘေးတစောင်းလဲနေတဲ့ သင်္ဘောကနေ မီးခိုးတွေထွက်နေတဲ့ ဗီဒီယိုလည်း အမေရိကန် အလယ်ပိုင်းစစ်တိုင်း ကွပ်ကဲရေးဌာနက X လူမှုကွန်ရက်ပေါ်မှာ တင်ပြခဲ့ပါတယ်။
“ကျနော်တို့ရဲ့ သင်္ဘော ၂ စင်းကို ပစ်ခတ်ရင် ကျနော်တို့က ပိုမြင့်တဲ့စီးပွားရေး ကုန်ကျစရိတ်ကို ကောက်ခံမှာဖြစ်ပြီး အီရန်သင်္ဘော ၃ စင်း ဆုံးရှုံးလိမ့်မယ်ဆိုတာ IRGC ကို သတင်းစကား ရှင်းအောင် ပေးပို့ပါတယ်”လို့ အမေရိကန် ဗဟိုကွပ်ကဲရေးဌာန အကြီးအကဲ ရေတပ်ဗိုလ်ချုပ်ကြီး ဘရဒ် ကူးပါးက ပြောပါတယ်။
“ရိုးရှင်းပါတယ်။ အီရန်က အမေရိကန်သင်္ဘောတွေကို ပစ်ရင် ကျနော်တို့က သူတို့ရဲ့ ရေနံတင်သင်္ဘောတွေကို ဖျက်ဆီး နှစ်မြှုပ်ပစ်မယ်လို့ ပြောထားတဲ့ ကြေညာချက်ကို အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဇက်က X လူမှုကွန်ရက်ပေါ်မှာ တင်ခဲ့ပါတယ်။
ခါ့ဂ်ကျွန်းရဲ့ ကျောက်ချရာ နေရာက အီရန် ရေနံတင်သင်္ဘောတစင်းကို အမေရိကန်ဒုံးကျည် ၄ စင်း ထိမှန်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေကို ကိုးကားပြီး အီရန်သတင်းဌာန တက်စ်နင်မ်က အစောပိုင်းမှာ ဖော်ပြပါတယ်။
ဖေဖော်ဝါရီလမှာ အမေရိကန်က အီရန်ကို စတင်တိုက်ခိုက်ခဲ့ပြီး နောက်ပိုင်းကြာနေတဲ့ ပဋိပက္ခကို ပိုနက်ရှိုင်းစေမဲ့ ခြိမ်းခြောက်မှုတွေ တိုးလာနေပါတယ်။
အီရန်ဟာ ရေနံတင်ပို့သူ နိုင်ငံများအဖွဲ့မှာ တတိယအကြီးဆုံး ထုတ်လုပ်သူဖြစ်ပြီး စစ်ပွဲမတိုင်မီက ရေနံစိမ်း ၉၀ ရာခိုင်နှုန်းကို ခါ့ဂ်ကျွန်းကတဆင့် တင်ပို့ခဲ့ပေမဲ့ ဧပြီလလယ်မှာ အမေရိကန်က အီရန် ရေနံတင်ပို့မှုကို ပိတ်ဆို့ပြီးကတည်းက စီးဆင်းမှုတွေ အနှောင့်အယှက် ဖြစ်ခဲ့ရပါတယ်။
ဒီကျွန်းကို အမေရိကန်က တိုက်ခိုက်တာဟာ အမေရိကန်ရေတပ်ရဲ့ ပိတ်ဆို့မှုကြောင့် ယိုင်နဲ့နေတဲ့ အီရန်ရေနံလုပ်ငန်းနဲ့ ပိုကျယ်ပြန့်တဲ့ စီးပွားရေးအပေါ် နောက်ထပ်ဖိအားတွေ တိုးလာစေမှာပါ။
စစ်ပွဲမတိုင်မီက ကမ္ဘာ့ရေနံထောက်ပံ့မှုရဲ့ ၅ ပုံ ၁ ပုံကို သယ်ဆောင်ပေးတဲ့ အဓိကရေလမ်းကြောင်းတခုဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြားကို အီရန်က ထိထိရောက်ရောက် ပိတ်လိုက်ပြီးနောက် အမေရိကန်က အီရန်ဆိပ်ကမ်းတွေကို ပိတ်ဆို့ခဲ့ပါတယ်။











