DVB Logo
Home
Lead Story
ခွဲခြားဆက်ဆံခံနေရဟု အာဆီယံနိုင်ငံအချို့ကို စစ်အာဏာရှင် ဝေဖန် 
DVB
·
May 11, 2026
Photo: MOFA-Myanmar
Photo: MOFA-Myanmar
Donate to DVB

အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့က မြန်မာနိုင်ငံအပေါ် ခွဲခြားဆက်ဆံမှုတွေ ဆက်လက်ပြုလုပ်ဖို့ ကြိုးပမ်းနေပြီး ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေတယ်လို့ စစ်အာဏာရှင်လက်အောက်ခံ နိုင်ငံခြားရေးဌာနက မေ ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့မှာ မေ ၇ ရက်ကနေ ၉ ရက်အထိ ကျင်းပခဲ့တဲ့ ၄၈ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေမှာ စစ်အာဏာရှင်ခေါင်းဆောင် ဦးမင်းအောင်လှိုင်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေတို့ တက်ခွင့်မရဘဲ ဖယ်ကြဉ်ခံထားရပြီးနောက် အခုလို ထုတ်ပြန် ကြေညာလိုက်တာပါ။

မြန်မာနိုင်ငံရဲ့ အပြုသဘောဆောင်တဲ့ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုကို အာဆီယံနိုင်ငံ အများစုက နားလည်သဘောပေါက်ပြီး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လိုပေမဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံ အနည်းငယ်ကတော့ ကန့်သတ်မှု၊ ခွဲခြားဆက်ဆံမှုနဲ့ တန်းတူကိုယ်စားပြုမှုကို ချန်လှပ်တာတွေ ဆက်လက်ပြုဖို့ ကြိုးပမ်းနေတယ်လို့ စစ်အာဏာရှင်က ဆိုပါတယ်။

ဒီလို ကြိုးပမ်းနေတဲ့ အာဆီယံနိုင်ငံတွေဟာ ဘယ်နိုင်ငံတွေလည်းဆိုတာကိုတော့ စစ်အာဏာရှင်က ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။ 

အာဆီယံ ပဋိညာဉ်ပါ အခြေခံမူတွေကို ဖောက်ဖျက်ပြီး အာဆီယံအဖွဲ့ဝင် တနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာ၊ ဝေဖန်ပြောဆို ဖိအားပေးတာတွေ လုပ်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံဟာ အာဆီယံရဲ့ ယန္တရားတွေနဲ့ လှုပ်ရှားမှုတွေအတွက် နှစ်စဉ်ထည့်ဝင်ငွေတွေ ပေးဆောင်တာ အပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံရဲ့ တာဝန်ဝတ္တရားတွေကို အစဉ်တစိုက် ဖြည့်ဆည်းဆောင်ရွက်နေကြောင်း၊ လွန်ခဲ့တဲ့ ၅ နှစ်တာကာလအတွင်းက အာဆီယံနိုင်ငံတချို့ရဲ့ သဘောထားနဲ့ မြန်မာနိုင်ငံအပေါ် ခွဲခြားဆက်ဆံမှုတွေ ပြုလုပ်နေပေမဲ့ မြန်မာနိုင်ငံအနေနဲ့ စိတ်ရှည်သည်းခံပြီး အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ အပြုသဘောဆောင်တဲ့ ဖြစ်ပေါ်တိုးတက်မှုတွေအပေါ် ထောက်ခံကူညီပေးခဲ့တဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံ အများစုကို ကျေးဇူးတင်ရှိကြောင်း မြန်မာနိုင်ငံအနေနဲ့ ပကတိအခြေအနေအပေါ် မူတည်ပြီး မိမိနိုင်ငံနဲ့ ကိုက်ညီတဲ့ မြန်မာ ဦးဆောင်တဲ့ မြန်မာ့ကိုယ်ပိုင်လုပ်ငန်းစဉ်နဲ့ ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

အာဆီယံနိုင်ငံတချို့ရဲ့ ခွဲခြားဆက်ဆံမှုတွေဟာ ပြီးခဲ့တဲ့ ၂၀၂၅-၂၆ မှာ မဲပေးခဲ့တဲ့ ပြည်သူ့ဆန္ဒကို လျစ်လျူရှုရာ ရောက်တယ်လို့ စစ်အာဏာရှင်ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန် ဝေဖန်ပါတယ်။

ပြီးခဲ့တဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးအတွင်း မြန်မာ့ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုဖို့ အဖွဲ့ဝင်နိုင်ငံတွေကြား သဘောတူညီမှု တစုံတရာ မရသေးဘူးလို့ အာဆီယံ ပြောရေးဆိုခွင့်ရှိသူ ဒိုမီနစ် ဇေဗီယာ အင်ပီရယ်က ပြောကြားထားပါတယ်။

မြန်မာနိုင်ငံမှာ အရပ်သား‌ပြည်သူတွေအပေါ်မှာ ဆက်လက်ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေကို  ချက်ချင်းရပ်တန့်ဖို့နဲ့ ဖမ်းဆီးထားတဲ့ အကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ အာဆီယံ ထိပ်သီးအစည်းအဝေးပွဲ အပြီးမှာ အာဆီယံဥက္ကဋ္ဌက တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ အရှိန်မြင့်လာတာ၊ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေနဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ ဘုံသဘောတူညီချက် ၅ ချက် (5 PC) ကို အကောင်အထည်ဖော်ရာမှာ တိုးတက်မှု အနည်းငယ်ပဲရှိတာကို အလေးအနက် စိုးရိမ်ပူပန်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လတ်တလော စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်ကို တရားစွဲဆိုထားမှုကို လက်ခံထားတဲ့ တီမောနိုင်ငံဟာ လာမဲ့ ၂၀၂၉ ခုနှစ်မှာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ရယူဖို့ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013