
ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွေ ကျင်းပမဲ့ ကစားကွင်းတွေမှာ မြက်ခင်းတွေကို ဟိုက်ဘရစ် မြေလွှာနည်းပညာနဲ့ ဖီဖာက အသုံးပြုမှာ ဖြစ်ပါတယ်။
ဟိုက်ဘရစ် မြက်ခင်းမြေလွှာနည်းပညာဟာ မြက်ခင်း ၉၅ ရာခိုင်နှုန်းလောက်နဲ့ ဓာတုပစ္စည်း ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းအထိ အသုံးပြုထားတဲ့ နည်းပညာ ဖြစ်ပါတယ်။
ဟိုက်ဘရစ် မြေလွှာနည်းပညာဟာ သဘာဝမြက်ခင်းတွေထက် ၃ ဆလောက် ခံနိုင်ရည် အားကောင်းတာ၊ ကစားသမားတွေ ဒဏ်ရာရမှုကို ကာကွယ်ပေးနိုင်တာနဲ့ ဘယ်လိုရာသီမျိုးမဆို ကစားလို့ အဆင်ပြေတဲ့ မျက်နှာပြင် ရှိတယ်လို့လည်း ဆိုပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတို့မှာ ကျင်းပမှာဖြစ်ပြီး မတူညီတဲ့ ရာသီဥတုတွေမှာရှိတဲ့ ကွင်းတွေရဲ့ မြက်ခင်းပြင်ကို တပုံစံတည်းဖြစ်အောင် ဖီဖာက ပြင်ဆင်ထားပါတယ်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာဟာ မြက်ခင်းမြေလွှာနဲ့ပတ်သက်ပြီး တန်နက်ဆီက တက္ကသိုလ် ပရော်ဖက်ဆာ ဂျွန်တန်ဆိုရိုချန်ကို ဆက်သွယ်ပြီး အကူအညီ တောင်းခံထားတာ ဖြစ်ပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပမဲ့ ကွင်း ၁၆ ကွင်းမှာ ၅ ကွင်းက အမိုးခုံးပါတဲ့ကွင်းတွေ ဖြစ်ပြီး အဲဒီကွင်းတွေက မျက်ခင်းတွေကို ဟိုက်ဘရစ် မြေလွှာနည်းပညာ အသုံးပြုထားပါတယ်။
ဆိုရိုချန်က ဘောလုံးကွင်း မြက်ခင်းပြင်ဟာ သဲကို အောက်ခံပြုပြီး ရေနုတ်မြောင်းနဲ့ အောက်ဆီဂျင် စီးဆင်းမှုကောင်းအောင် လုပ်ဆောင်ရမယ်လို့ ပြောပါတယ်။
ဟိုက်ဘရစ် ဖိုက်ဘာမြက်ခင်းပြင်က ကစားသမားတွေ ဘောလုံးကစားချိန်မှာ မြက်ခင်းတွေ အဖုတ်လိုက် ကျွတ်ထွက်တာမျိုးကို ကာကွယ်ပေးတယ်လို့လည်း ဆိုပါတယ်။
ဆိုရိုချန်က “ဘောလုံးကစားတဲ့အချိန်မှာ ဟိုက်ဘရစ် မြေလွှာနည်းစနစ်က ကစားတဲ့သူတွေကို တွန်းအားတွေ ဖြစ်စေမှာပါ” လို့ ပြောပါတယ်။
ကွန်ကရစ်တွေထဲမှာ သံချောင်းတွေကို ထည့်ထားတဲ့ နည်းပညာပုံစံမျိုးလို ခိုင်ခန့်မှုရှိတယ်လို့ ဆိုရိုချန်က ရည်ရွယ်တာပါ။
လေဝင်လေထွက်ကောင်းမွန်တဲ့ စနစ်ကြောင့် မိုးသည်းတဲ့အချိန်တွေမှာတောင် ရေတင်တာမျိုး မရှိဘူးလို့လည်း အာမခံထားပါတယ်။
Source: Reuters











