
ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး ဂီလ်ဘာတို တီယိုဒိုရိုနဲ့ သူ့ရဲ့မိသားစုဝင်တွေအပေါ် တရုတ်ရဲ့ ပိတ်ဆို့မှုတွေက နိုင်ငံတော်အချုပ်အခြာအာဏာ၊ လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားတွေ ကို ကာကွယ်ဖို့ တရားဝင် လုပ်ဆောင်ချက်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့် ရှိသူ တယောက်က ဇွန် ၁၆ ရက်မှာ ပြောပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့အပတ်က ကြေညာခဲ့တဲ့ ပိတ်ဆို့မှုတွေ ရှိနေပေမဲ့ သူ့တာဝန်တွေကို ဆက်ထမ်းဆောင်ဖို့ တီယိုဒိုရိုရဲ့ ကတိကို တုံ့ပြန်တဲ့အနေနဲ့ အမျိုးသား ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ချန်ရှီက အွန်လိုင်းသတင်းစာ ရှင်းလင်းပွဲတခုမှာ ခုလို မှတ်ချက်ပြုခဲ့တာပါ။
တီယိုဒိုရိုနဲ့ သူ့မိသားစုဝင်တွေအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေဟာ "လုံးဝသူ့ကိုယ်ပိုင်ဖန်တီးမှု" ဖြစ်တယ်လို့ ချန်က ပြောခဲ့ပါတယ်။
တရုတ်ဆန့်ကျင်ရေးလုပ်နေတဲ့ပုဂ္ဂိုလ် နည်းနည်းကို ပေါ့ပေါ့ဆဆ လုပ်ဆောင်ခွင့်ပြုခဲ့ရင် ဖိလစ်ပိုင် အမျိုးသားစီးပွားရေးနဲ့ ပြည်သူတွေရဲ့ အသက်မွေးဝမ်းကျောင်းမှုကို တိုက်ရိုက်ထိခိုက်စေပြီး နှစ်နိုင်ငံနဲ့ စစ်တပ်တွေကြား ဆက်ဆံရေးကို ပျက်စီးစေတဲ့ သက်ရောက်မှုရှိလာလိမ့်မယ်လို့လည်း ချန်က ပြောပါတယ်။
ဒီလူတွေကို သူတို့ရဲ့ အပြုအမူကို ရပ်တန့်ဖို့နဲ့ နိုင်ငံရေးပြပွဲတွေ လုပ်နေတာတွေကို ရပ်တန့်ဖို့ ကျနော်တို့က အကြံပြုပါတယ်လို့လည်း ပြောရေးဆိုခွင့်ရှိသူက ထပ်ပြောပါတယ်။
Source:Reuters










