
နိုင်ငံတဝန်းမှာ အမှတ်တရ စိုက်ထူထားတဲ့ မြန်မာ့လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံတူရုပ်တုတွေကို စစ်အာဏာရှင်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဖယ်ရှားခဲ့ပြီး ၂၀၂၆ ခုနှစ်ထဲမှာတော့ ဒေသအများအပြားမှာ ဆက်တိုက် ဖယ်ရှားတာတွေ ပြုလုပ်နေပါတယ်။
စစ်အာဏာရှင် တပ်က ၂၀၂၄ ခုနှစ်ကတည်းက ဗိုလ်ချုပ်အောင်ဆန်းရုပ်တုတွေကို စတင်ဖယ်ရှားခဲ့တာဖြစ်ပြီး အခုနောက်ဆုံး ၂၀၂၆ ဇူလိုင် ၂ ရက် မနက်ပိုင်းမှာတော့ ဧရာဝတီတိုင်းထဲက ကျုံပျော်နဲ့ ရန်ကုန်တိုင်းထဲက သာကေတ၊ တောင်ဥက္ကလာ၊ ကော့မှူး စတဲ့ နေရာတွေက ဗိုလ်ချုပ်ကြေးရုပ်တွေကို ဖယ်ရှားခဲ့ကြောင်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ကျုံပျော်ဒေသခံတယောက်က “မနက်ပိုင်း ၄ နာရီထိုးလောက်မှာ လာဖျက်သွားတာပါရှင့်။ ကျမတို့လည်း အဲ့မှာ တအုန်းအုန်းနဲ့ အသံကြားတော့ ကျမတို့ ထွက်ကြည့်လိုက်တာ၊ ထွက်ကြည့်တော့ လန့်တောင်လန့်တယ်၊ လာဖျက်နေကြတာပေါ့နော်။ သူတို့ လာဖျက်တာတော့ ရဲတွေလည်းပါတယ်၊ စစ်သားတွေလည်းပါတယ်၊ အရပ်အဝတ်အစားနဲ့ လူတွေလည်း ပါတယ်။ အဲဒါ ဖျက်ပြီးတော့ သူတို့ ချက်ချင်း မပြန်သေးဘူး။ မပြန်သေးဘဲနဲ့ အဲဒီနားမှာပဲ နေပြီးတော့ ၅ နာရီလောက်မှ ပြန်သွားတာ။ ရုပ်တုကတော့ NLD လက်ထက်က ရုပ်တုပေါ့နော်။ ကျမတို့လည်း နေ့တိုင်းမြင်နေရတာ တွေ့နေရတော့ စိတ်မကောင်းဘူးပေါ့နော်” လို့ ပြောပါတယ်။
၂၀၂၄ ခုနှစ် မေလမှာ မန္တလေးတိုင်း ပုဂံမြို့သစ်က ဗိုလ်ချုပ်ကြေးရုပ် ဖယ်ရှားခံခဲ့ရပြီး အောက်တိုဘာလမှာတော့ မန္တလေးတိုင်းထဲက သာစည်မှာ ဖယ်ရှားခံခဲ့ရပါတယ်။
၂၀၂၅ ခုနှစ် ဇူလိုင်လမှာ နေပြည်တော် ပုဗ္ဗသီရိက ကြေးရုပ်၊ ဩဂုတ်လမှာ ပဲခူးတိုင်းထဲက သက်တမ်းရင့် ဗိုလ်ချုပ်ကြေးရုပ်နဲ့ နိုဝင်ဘာလထဲမှာတော့ ဧရာဝတီတိုင်း ပုသိမ်က ဗိုလ်ချုပ်ကြေးရုပ်တို့ကို ဖယ်ရှားခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လူ့အခွင့်အရေး မှတ်တမ်းတင်ရေးအဖွဲ့ (HRDT) ကထုတ်ပြန်ပါတယ်။
အခုနှစ် ၂၀၂၆ ခုနှစ်ထဲမှာတော့ ပဲခူးတိုင်း တောင်ငူ၊ စစ်ကိုင်းတိုင်း ရေဦးနဲ့ ဧရာဝတီတိုင်း ကျုံပျော်တို့က ဗိုလ်ချုပ်ကြေးရုပ်တွေ အပါအဝင် ရန်ကုန်က သာကေတ၊ တောင်ဥက္ကလာ၊ ကော့မှူး စတဲ့ နေရာအသီးသီးက ဗိုလ်ချုပ်အောင်ဆန်းရုပ်တုတွေ ဖယ်ရှားခံခဲ့ရပါတယ်။
ပဲခူးဒေသခံတယောက်က “ဗိုလ်ချုပ်ရုပ်တုကို ဖယ်တာ နည်းနည်းတော့ကြာပြီ၊ ရှေ့နှစ်ကတည်းကလေ။ အခိုင်အမာကြီးကို ဖြိုချတာ။ လုပ်တော့လည်း ညဘက်ကြီး လုံခြုံရေးအပြည့်နဲ့ လုပ်တာ။ ဘာလုပ်နေမှန်းမသိဘဲ မိုးလင်းမှ လူတွေမြင်တော့မှ ရုပ်တုကို ဖယ်လိုက်မှန်း သိရတယ်။ ကျမတို့အဖေတွေ ငယ်ငယ်ကတည်းကဟာလို့ ပြောတယ်။ နေ့တိုင်း မြင်နေရတာ ရုတ်တရက် ဖျက်ဆီးခံလိုက်ရတော့ စိတ်ထဲ တော်တော်မကောင်းဘူး။ အဲဒီ မြင်းစီးတဲ့ ဗိုလ်ချုပ်ရုပ်တုကလေ NLD အစိုးရလက်ထက်မှ လာလုပ်တဲ့ဟာလည်း မဟုတ်ဘူး။ ရပ်ကွက်ထဲက တချို့လူကြီးတွေဆို မျက်ရည်တောင်ကျတယ်။ အခုတော့ ဘာမှမဆောက်ထားဘူး၊ ပန်းခြံအတိုင်းပဲရှိတယ်” လို့ ပြောပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းရုပ်တုတွေကို အမျိုးသားရေးအထိမ်းအမှတ်နဲ့ အများပြည်သူပိုင် အမွေအနှစ်တွေအဖြစ် ထိန်းသိမ်းရမှာဖြစ်ပြီး ဖျက်ဆီးတာ ဒါမှမဟုတ် ဖယ်ရှားတာဟာ အတွေးအခေါ် ယဉ်ကျေးမှု နိမ့်ကျတဲ့လုပ်ရပ် ဖြစ်ကြောင်းနဲ့ ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ကျူးလွန်မယ် ဆိုရင် ပြစ်မှုဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ရာကျကြောင်း မြန်မာနိုင်ငံ ရှေ့နေများကောင်စီ (BLC) က ထုတ်ပြန်ထားပါတယ်။
BLC အထွေထွေအတွင်းရေးမှူး ဦးမြင့်သိဏ်းအောင်က “တိုင်းပြည်ရဲ့ ထင်ရှားတဲ့ ဥသျှောင်ပုံရိပ်ကို ဖျက်ဆီးတာက ပြည်သူတွေရဲ့ နှလုံးသားကို ခြေမွှတာပဲ ဖြစ်တယ်လေ။ ဆက်တိုက် ဆက်တိုက် ကြားလာတဲ့ အခါကျတော့ ဒါက သာမန်ကိစ္စတော့ မဟုတ်တော့ဘူး။ အဲ့တော့ ဥပဒေအရ ကြည့်တဲ့အခါမှာ ဘာပဲပြောပြော အများပြည်သူနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့၊ ဆက်စပ်နေတဲ့ကိစ္စ ဖြစ်တယ်။ ပျက်စီးအောင်၊ ဆုံးရှုံးသွားအောင်၊ ပျောက်ပျက်သွားအောင်၊ ဖျောက်ဖျက်တယ် ဆိုတဲ့ ကိစ္စရပ်တွေက အကျိုးဖျက်ဆီးမှုဆိုတဲ့ ဥပဒေရဲ့ တားမြစ်ချက်နဲ့ တိုက်ရိုက်ပတ်သက်တယ်လို့ ပြောလို့ရတာပေါ့နော်” လို့ ပြောပါတယ်။
အခုဖယ်ရှားခံခဲ့ရတဲ့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုတွေ ၂၀၁၆ ခုနှစ် NLD အစိုးရလက်ထက်တွေမှာမှ စိုက်ထူထားတဲ့ ရုပ်တုတွေ ပါဝင်သလို ပဲခူးက ရုပ်တုလို သမိုင်းရှည်ကြာတဲ့ မှတ်တမ်းတွေနဲ့ ထုလုပ်ထားတာတွေလည်း ပါဝင်နေပါတယ်။
မြန်မာနိုင်ငံရှေ့နေများကောင်စီ (BLC) ကတော့ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုတွေဟာ အမျိုးသားရေး အထိမ်းအမှတ်နဲ့ အများပြည်သူပိုင် အမွေအနှစ်တွေ ဖြစ်တာကြောင့် ဖျက်ဆီး၊ ဖယ်ရှားတာဟာ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၂၅ အရ “အကျိုးဖျက်ဆီးမှု” မြောက်နိုင်ပြီး ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဝေဝေ










